မဲခေါင်၊ မေ ၈
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့တွင် နယ်ထိန်းရဲများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များနှင့် နမ့်စန်မြို့မှ ဒိုင်များပေါင်းကာ လောင်းကစားဝိုင်းမျိုးစုံ ပြုလုပ်နေသဖြင့် ဒေသခံများက ဝေဖန်မေးခွန်းထုတ်နေကြသည်။
မေလ ၅ ရက်မှစတင်၍ မောက်မယ်မြို့ ဂေါက်ကွင်းအနောက်ဘက်၊ ကုန်းလန်းဘုန်းကြီးကျောင်းအနီးတွင် လေးကောင်ဂျင်၊ ပိုက်ကျူး၊ ဂုန်းဂင်းနှင့် ရှမ်းကိုးမီး အစရှိသည့် လောင်းကစားဝိုင်းမျိုးစုံကို ပြုလုပ်နေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရှမ်းပြည်ဝန်ကြီးချုပ်၏ ဇာတိမြို့တွင် လောင်းကစားဝိုင်းများ ဗြောင်ကျကျ ပြုလုပ်နေခြင်းမှာ သက်ဆိုင်ရာက တရားဝင် ခွင့်ပြုထားခြင်းရှိမရှိကိုလည်း ဒေသခံများက သိလိုနေကြသည်။
“ဒိုင်က နမ့်စန်က ဒေါ်အိသန္တာလို့ သိရတယ်။ (၁၃၂) တပ်က ဗိုလ်လေး (ဒုအရာခံဗိုလ်) စိုးသောင်းရဲ့ ဇနီး ဒေါ်မျိုးမျိုးအေးနဲ့ ပေါင်းလုပ်နေတာပါ။ နယ်ထိန်းတွေလည်း ပါဝင်ပတ်သက်နေတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းကတော့ ပွဲအကြောင်းပြပြီး လုပ်ခဲ့တာ၊ အခုက ဘာပွဲမှမရှိဘဲ လောင်းကစားသက်သက် လုပ်နေတာပါ။ အခွန်အခတွေပေးပြီး တရားဝင်လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတော့ ရှမ်းဝန်ကြီးချုပ်ရဲ့ ဇာတိမြို့အနေနဲ့ ဒါကို ခွင့်ပြုထားတာလားလို့ မေးချင်တယ်။ လောင်းကစားတွေကြောင့် လူတွေအကျင့်ပျက်ပြီး ရာဇဝတ်မှုတွေ များလာမှာကို လူထုကတော့ လက်မခံဘူး” ဟု မောက်မယ်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းလောင်းကစားဝိုင်းများအတွက် လေးကောင်ဂျင်ဝိုင်းဆိုလျှင် တစ်ညလျှင် ၁၀ သိန်း၊ ပိုက်ကျူး၊ ဂုန်းဂင်းနှင့် ရှမ်းကိုးမီးဝိုင်းများဆိုလျှင် တစ်ညလျှင် သိန်း ၄၀ မှ ၅၀ အထိ အုပ်ချုပ်ရေးပိုင်းများကို ပေးဆောင်နေရကြောင်း သိရသည်။
ရှမ်းပြည်အတွင်းရှိ မြို့ရွာအချို့တွင် ပွဲလမ်းသဘင်နှင့် ဒေသဓလေ့များကို အကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်လေ့ရှိသော်လည်း၊ ယခုကဲ့သို့ ပွဲမရှိဘဲ လောင်းကစားသက်သက် ပြုလုပ်နေခြင်းမှာ ဒေသတွင်း ရာဇဝတ်မှုများကို တိုးပွားစေနိုင်သဖြင့် ခွင့်မပြုသင့်ကြောင်း ပြည်သူများက ဝေဖန်ထောက်ပြနေကြသည်။
#MeKongNews
#မောက်မယ်
#လောင်းကစားဝိုင်း
#နယ်ထိန်းရဲ
#လိုင်းကြေး








