မဲခေါင်၊ မေ ၆
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (လူကုန်တား) မှ အမျိုးသမီးဒုရဲအုပ် နန်းထွန်းထွန်းဦးဆိုသူသည် ဒေသခံလိုင်စင်မဲ့ကား (Without) မောင်းနှင်သူအချို့ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ငွေကြေးအဆမတန် တောင်းယူနေကြောင်း ကာယကံရှင်များက မဲခေါင်သို့ ပြောသည်။
ငွေကြေးတောင်းခံခြင်း ခံခဲ့ရသည့် မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာသားတစ်ဦးက “လူကုန်တားက မိန်းကလေးတစ်ယောက်ရှိတယ်၊ သူကတွေ့သမျှကားကို ငွေလိုက်တောင်းနေတာ။ ကျွန်မတို့ကားကိုလည်း ဝစ်သောက် (Without) ဆိုပြီး ကားသော့လာဖြုတ်တယ်၊ ကားသိမ်းမယ်၊ လူလည်း ထောင်ဒဏ် ၁ နှစ် ကျမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ငွေမပေးရင် မလွှတ်ပေးဘူးဆိုပြီး ကျွန်မတို့ဆီက အိတ်ထဲပါသမျှ ငွေ ၁၅ သိန်းလုံးကို အကုန်သိမ်းသွားတယ်။ မိုင်းတုံဘက်မှာက ကားအများစုက ဝစ်သောက်တွေချည်းပဲလေ။ သူက လူကုန်တားဆိုတော့ ကားလိုင်စင်ကိစ္စနဲ့ ဘာဆိုင်လို့လဲ။ ကားသမားတွေ အခုလို နေ့တိုင်းလိုလို ခံနေရတယ်” ဟု မဲခေါင်သို့ ပြောသည်။
၎င်းရဲမေသည် မဲကင်ရွာမှ မိုင်းတုံသို့ သွားသည့် ကားတစ်စီးထံမှလည်း လိုင်စင်မဲ့ကားဟုဆိုကာ ငွေကျပ် ၈ သိန်း တောင်းယူခဲ့သေးကြောင်း သိရသည်။
ထို့ပြင် “ဝစ်သောက်ကားဆီက ငွေတောင်းတာတင် မကဘူး၊ နားကောင်းမူး (KTV) အထိတောင် လာပြီး ပြဿနာရှာ (ရစ်) တာမျိုးတွေ ရှိတယ်” ဟု နားကောင်းမူးဒေသခံတစ်ဦးကလည်း ဆိုသည်။
ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့များတွင် ဌာနဆိုင်ရာများမှအစ လိုင်စင်မဲ့ကားများကိုသာ အသုံးပြုနေကြခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ဒေသခံပြည်သူများအပေါ် ဦးတည်ကာ ခြိမ်းခြောက်ငွေညှစ်မှုမျိုး ယခင်က မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#ရှမ်းအရှေ့
#မိုင်းတုံ
#လူကုန်တားရဲတပ်ဖွဲ့
#ငွေညှစ်








