မဲခေါင်၊ မေ ၅
အီရန်က စတင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည့် ဒရုန်းတိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် ရေနံစက်မှုဇုန်တွင် လောင်ကျွမ်းနေသော မီး ကို မီးသတ်တပ်ဖွဲ့များက ငြှိမ်းသတ်နေကြချိန်တွင် ဒုံးကျည်နှင့် ဒရုန်း ခြိမ်းခြောက်မှုများကို ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးအဖွဲ့များက ဟန့်တားနေကြကြောင်း ယူအေအီးအစိုးရက တနင်္လာနေ့ ညနေပိုင်းတွင် ပြောကြားသည်။
ယင်းတိုက်ခိုက်မှုများသည် ကြီးမားသော စစ်ရှိန်မြှင့်မှုဖြစ်ကာ နိုင်ငံ၏လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ အပြည့်အဝ တုံ့ပြန်ခွင့်ကို ကိုင်စွဲထားကြောင်းလည်း ဆက်ပြောသည်။
တိုက်ခိုက်မှုများကြောင့် လေကြောင်းခရီးစဉ်များကို အကြီးအကျယ် ထိခိုက်ခဲ့ရာတွင် ယူအေအီးနိုင်ငံသို့ သွားမည့် ခရီးစဉ်အမြောက်အမြားကို အိုမန် နိုင်ငံသို့ လမ်းလွှဲပေးခဲ့ရပြီး အချို့မှာလည်း ဆော်ဒီအာရေဗျဝေဟင်တွင် ဝဲပျံနေခဲ့ရကြောင်း သိရသည်။
ယူအေအီးကို ပစ်မှတ်ထားရန် အီရန်က မစီစဉ်ထားကြောင်း ထိပ်တန်းစစ်ဘက်အရာရှိကြီးတစ်ဦးကို ကိုးကား၍ အီရန်အစိုးရ မီဒီယာက ပြောကြားသော်လည်း အီရန်ဒုံးကျည် ၃ စင်းကို ၎င်းတို့၏ ရေပြင်ပိုင်နက်တွင် ကြားဖြတ် တားဆီးခဲ့ရကြောင်း နှင့် တစ်စင်းက ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယူအေအီးနိုင်ငံ ဖူဂျိုင်ရားရေနံစက်မှုဇုန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် အရပ်ဘက် ကာကွယ်ရေးအဖွဲ့များကို ချက်ချင်းစေလွှတ်ခဲ့ကြောင်း နှင့် ယင်းတွင် အိန္ဒိယ ၃ ဦး အသင့်အတင့် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ကြောင်း ဖူဂျိုင်ရားမီဒီယာရုံးက ထုတ်ပြန်ပြောကြားသည်။
တနင်္လာနေ့ ညနေပိုင်းတွင် ထပ်မံဝင်ရောက်လာသော ဒုံးကျည်များနှင့် ဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေးစနစ်များက အချိန်ကိုက် ကြားဖြတ် ဟန့်တားနေသည်ဟု ယူအေအီးကာကွယ်ဝန်ကြီးဌာနက ပြောကြားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#အီရန်ဒုံးကျည်
#ဒရုန်းများ
#လေကြောင်းရန်ကာကွယ်ရေး
#ယူအေအီး








