မဲခေါင်၊ မေ ၅
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့တွင် အတူအရက်သောက်ရင်း ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး အရိုက်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
တအာင်းတပ်ဖွဲ့ – TNLAထိန်းချုပ်ထားသည့် မန်တုံမြို့ ဈေးတန်းရပ်ကွက်တွင် မေ ၂ ရက်၌ ပန်းရံလုပ်နေသူအမျိုးသား ၃ ဦး အရက်အတူသောက်ရင်း စကားများရန်ဖြစ်ရာမှ တစ်ဦးအရိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု မန်တုံမြို့ခံတစ်ဦးကပြောသည်။
“တခြားနယ်ကနေလာပြီး အလုပ်လုပ်နေကြတာ အကုန်လုံးက ပန်းရံသမားတွေပဲ။ အရက်သောက်ရင်း၂ ယောက်က ရန်ဖြစ်ကြတာကို အကြီးဆုံးတစ်ယောက်က ဝင်ဖျန်ဖြေပေးတာ မရလို့ တုတ်နဲ့ ခေါင်းကို ရိုက်လိုက်တာ၊ အရိုက်ခံရတဲ့ တစ်ယောက်က သေသွားတယ်။ အခု ရဲတွေ ဖမ်းသွားပြီ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
တုတ်ဖြင့် အရိုက်ခံရသဖြင့် သေဆုံးသွားသည့် သူသည် ရှမ်းတောင်၊ ရွှေညောင်မြို့မှ မန်တုံမြို့ကို အလုပ်လာလုပ်သည့် အသက် ၂၄ နှစ်အရွယ် အောင်ကိုဦးဆိုသူဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း ရန်ဖြစ်သည်ကို ဖျန်ဖြေရင်း တုတ်ဖြင့်ရိုက်သူ ဦးမင်း အသက် ၄၁ နှစ်နှင့် ရန်ဖြစ်သူကိုလည်း TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး TNLA ဥပဒေနှင့်အညီ အရေးဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#မန်တုံ
#အရက်အတူသောက်
#ရန်ဖြစ်
#သေဆုံး








