မဲခေါင်၊ မေ ၄
ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတား (တာကော်) ဂိတ်ရှိ စစ်ကောင်စီတပ်နှင့် အစောင့်တပ်ဖွဲ့များက ရှမ်းပြည်အရှေ့ပိုင်းသို့ သွားလာမည့် ခရီးသွား အမျိုးသမီးငယ်များထံမှ ကျပ်သိန်းချီ အဓမ္မတောင်းခံနေကြောင်း ကိုယ်တွေ့ကြုံရသူများထံမှ သိရသည်။
ယမန်နေ့ မေ ၃ ရက်တွင် တာကော်တံတားဂိတ်၌ တာဝန်ကျနေသည့် လုံခြုံရေးတပ်သားများက တိုင်းမှူးအမိန့်ဟုဆိုကာ အမျိုးသမီးငယ်များ ရှမ်းပြည်အရှေ့ပိုင်းသို့ သွားလာခွင့်ကို ပိတ်ပင်ခဲ့ပြီး အနည်းဆုံး ငွေကျပ်တစ်သိန်း ပေးမှသာ ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
“မှတ်ပုံတင် ၄/၊ ၅/၊ ၁၁/ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေကို တာချီလိတ်ဘက်သွားဖို့ တာကော်ဂိတ်က ပေးမဖြတ်ပါဘူး။ အခုလာတဲ့သူတွေက အမျိုးသမီးတွေပါ။ အလုပ်အကိုင်အခွင့်အလမ်းအရ တာချီလိတ်ကို လာကြတာ။ ရန်ကုန်မှာ နေထိုင်ကြောင်း ထောက်ခံစာတွေပါပေမဲ့ ငွေတစ်သိန်းပေးမှ လွှတ်ပေးပါတယ်” ဟု ၎င်းက မဲခေါင်သတင်းဌာနသို့ ရှင်းပြသည်။
ထို့ပြင် တာချီလိတ်ဘက်ရှိ ဆွေမျိုးများက ဖုန်းဆက်သွယ် ညှိနှိုင်းရာတွင်လည်း တာဝန်ကျသူများက ရိုင်းစိုင်းစွာ ဆဲဆိုအော်ဟစ်၍ ဖုန်းချသွားကြောင်း သိရသည်။
သွားလာခွင့် ပိတ်ပင်ထားသူများထံမှ မှတ်ပုံတင်များကိုလည်း သိမ်းယူထားမှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်သည့် အမျိုးသားများကိုသာ ပြည်တွင်း၊ ပြည်ပ သွားလာမှု ကန့်သတ်ချက်များ ပြုလုပ်ထားသော်လည်း ယခုအခါ တာကော်ဂိတ်တွင် အမျိုးသမီးများကိုပါ ပစ်မှတ်ထား၍ အဓမ္မ ငွေတောင်းခံကာ မတရား စီးပွားရှာနေကြခြင်း ဖြစ်ကြောင်း ခရီးသွားများက ဝေဖန်နေကြသည်။
#MeKongNews
#သံလွင်တံတား
#တာကော်ဂိတ်
#ခရီးသွား
#အမျိုးသမီးငယ်
#တင်းကျပ်
မှတ်ချက် – ပုံဟောင်း








