မဲခေါင်၊ မေ ၄
ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည့် လားရှိုးမြို့နယ်၊ အီနိုင်းဒေသမှ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို မိသားစုဝင်များ လာရောက်တွေ့ဆုံခြင်းမရှိပါက အပြီးတိုင် စစ်မှုထမ်းခိုင်းမည်ဟု MNDAA က ပြောဆိုကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက်၌ လားရှိုးမြို့နယ်၊ အီနိုင်း၊ ၁၀ မိုင်ကုန်းနှင့် တောင်တလောင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့က ရုတ်တရက် စစ်ဆေးမှုပြုလုပ်ကာ ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ဦးကျော်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းဆီးခံရသူများကို ဧပြီလကုန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပြုခဲ့ဘဲ နေ့ချင်း သိန္နီမြို့သို့ ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သည်။
လက်ရှိအချိန်ထိ ၎င်းဖမ်းဆီးခံရသည့် လူငယ် ၇၀ ဦးကျော်ကို ကိုးကန့်တပ်ဖွဲ့က သိန္နီရဲစခန်းတွင် ဖမ်းဆီးထားနေဆဲဖြစ်ပြီး ထိန်းသိမ်းစရိတ်အနေ ဖြင့် တစ်လ ၂ သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ကာ လာတွေ့သည့် မိသားစုဝင်ရှိသူများကို ၃ လပြည့်ပါက ပြန်လွှတ်ပေးမည်ဟု ကိုးကန့်တပ်ဖွဲ့က ပြောဆိုကြောင်း သိန္နီအထိ လိုက်တွေ့သည့် အဖမ်းခံရသူတစ်ဦး၏ မိသားစုဝင် သတင်းရင်းမြစ်က ပြောသည်။
“အခုမှ လိုက်တွေ့ခွင့်ရတော့ ကျမတို့က လိုက်တွေ့တာ။ တွေ့ခွင့်ရတော့ ကိုးကန့်အရာရှိက အကုန်လုံး မခေါ်သွားဘူး လို့တော့ပြောတယ်။ လာတွေ့ကြဖို့ကိုလည်း သူတို့က နီးစပ်ရာ နီးစပ်ရာကို ပြောကြဖို့တော့ မှာလိုက်တယ်။ မလာရင်တော့ တကယ် စစ်သားလုပ်ခိုင်းမှာလို့ ပြောတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။ MNDAA က ဖမ်းဆီးသွားသည့် လူငယ် ၇၀ ဦးကျော်သည် တအာင်း၊ ရှမ်း၊ ဗမာနှင့်ကချင် စသည့် လူမျိုးပေါင်းစုံများ ဖြစ်ပြီး အချို့မှာ ခရီးသွားရင်း အဖမ်းခံရခြင်းဖြစ်သဖြင့် နေရပ်လိပ်စာ မသိရသောကြောင့် ပျောက်ဆုံးနေသည့် မိသားစုဝင် ဆွေမျိုးများရှိပါက သိန္နီရဲစခန်းတွင် သွားရောက်စုံစမ်းသင့်ကြောင့် နောက်ထပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အီနိုင်းဒေသခံတွေကတော့ ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ သိနေကြပြီ။ ခရီးသွားရင်း အဖမ်းခံရတဲ့သူတွေကျ ဘယ်သူတွေမှန်း မသိကြတော့ ဆက်သွယ်ရဖို့ ခက်ခဲနေကြမှာ၊ အဲဒီနေ့မှာ ပျောက်တဲ့သူရှိရင် သိန္နီကို သွားစုံစမ်းရမှာ။ မဟုတ်ရင် ၃ လပြည့်ရင် စစ်သားလုပ်ခိုင်းကြတော့မှာ”ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဖမ်းဆီးခံခဲ့ရသည့်သူများ၏ မိသားစုဝင် အချို့ဆီကို ကိုးကန်တပ်ဖွဲ့အရာရှိဟုဆိုကာ ငွေကျပ်သိန်း ၁၀၀ ကျော် ဖုန်းဆက်ခြိမ်းခြောက်သည့် ကိစ္စကိုလည်း ကိုးကန့်တပ်၏ သိန္နီရဲစခန်း တာဝန်ရှိသူများကို တင်ပြရာ သိန္နီရဲစခန်းမှ ယင်းကဲ့သို့ ငွေတောင်းခြင်းမရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
“အသိထဲက ပိုက်ဆံတောင်းခံရတဲ့ဟာလည်း ပြောပြခဲ့သေးတယ်။ သူတို့စခန်းမှူးလား၊ ထောင်မှူးလား မသိဘူး ကျမကို ပြန်ပြောတာက အဲငွေတွေ မပေးဖို့။ လူလိမ်တွေသာ ဖြစ်နိုင်တယ်ဆိုပြီး ပြောတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မယ်ဟန၊ ခေးနင်းဖက်တွင်လည်း MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး လူငယ် ၁၀ ဦး ကျော်ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုဖမ်းဆီးသည့် ကိစ္စအသေးစိတ်ကိုမူ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်းတွင် ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေလျက်ရှိပြီး သားသမီးထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်ကြသည်။
#MeKongNews
#ဖမ်းဆီးခံ
#လူငယ်
#မိသားစုဝင်
#MNDAA
#စစ်မှုထမ်း








