မဲခေါင်၊ မေ ၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့၊ ရပ်ကွက် ၁ ရှိ ဆိုင်တစ်ဆိုင်အတွင်းသေနတ်ကိုင်တစ်စုက ဆိုင်ရှင်ကို ပြန်ပေးဆွဲရန် ဝင်ရောက်ခဲ့ရာ ဆိုင်ရှင်မပါသွားပဲ ပြန်ထွက်သွားကြောင်း သတင်းရင်းမြစ် ကပေးပို့သည့် ရုပ်သံဖိုင်အရ သိရသည်။
ယမန်နေ့ မေ ၂ ရက်၊ နံနက် ၉ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် ၁ တွင် ဆိုင်ရှင်ကို ဓားပြတိုက် ပြန်ပေးဆွဲရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်အတွင်း CCTV မှ ရရှိသည့် ရုပ်သံဖိုင်တွင် ဆိုင်ရှေ့ရှိ ကားအဖြူရောင်တစ်စီးပေါ်မှ အနက်ရောင်ဝတ်စုံဖြင့် ရုပ်ဖျက်ထားသူတစ်ဦး ဆိုင်အတွင်းဝင်ရောက်သွားပြီးနောက် ထပ်မံ၍ သေနတ်ကိုင်ထား သည်ဟု ယူဆရသည့် လူ ၃ ဦး ထပ်မံ လိုက်ဝင်သွားကြောင်းတွေ့ရသည်။
ပထမဆုံးလူ ဝင်သွားစဥ် ဆိုင်အတွင်း တံမြက်စည်းလှဲနေသည့် အမျိုးသမီးတစ်ဦး ဆိုင်အတွင်းမှ ထွက်ပြေး ပျောက်ကွယ်သွားသည်ကိုလည်း တွေ့ရသည်။
“အိမ်ရှင်က ဘေးပေါက်က ထွက်ပြေးပြီး ကားဟွန်ရှည်ဆွဲတီးပြီး မောင်းထွက်ပြေးတာ ပြန်ပေးဆွဲခံရဖို့ သီသီလေးပဲ လွတ်မြောက်သွားခဲ့တယ်”ဟု ယင်း အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုကျူးလွန်သူများမှာ သေနတ်ကိုင်လူ ၄ ဦးဖြစ်ပြီး ပိုင်ရှင်မရသဖြင့် CROWN အဖြူရောင်ဖြင့် ချက်ချင်း မောင်းပြေးခဲ့ကြောင်း မြို့ခံတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက်၊ ညနေ ၄ နာရီကျော်တွင်လည်း လားရှိုးမြို့၊ ဗျူဟာလမ်း၊ ဝရပ်ကွက်၊ ပန်ဝိုင်လမ်းတွင် ကားဝယ်မည်ဟုဆိုကာ ကားလာပြသူ ကိုဆန်းအောင်ဆိုသူအား လူ ၂ ဦးက သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့ပြီး ကားလုယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့သေးပြီး ကျုးလွန်သူများကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်း လားရှိူးမြို့၊ ရပ်ကွက် ၅၊ မန်အိုင်၊ တရုတ်ဘုံကျောင်း အထက်ရှိ တွမ်ကျားကုန်စုံဆိုင်ပိုင်ရှင် မယဉ်ယဉ်ထွန်းအား သေနတ်ပြ ဖမ်းဆီးကာ ကားတင် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သေးသည်။
လားရှိုးမြို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့ – MNDAA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နှစ် ဧပြီတွင် တရုတ်၏ ကြားဝင်ဖိအားပေးမှုဖြင့် စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားသော်လည်း ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ မူးယစ်ဆေးမှု၊ လောင်းကစားမှု၊ ကျားဖြန့်လိမ်လည်မှုနှင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး တရားပဒေစိုးမိုးမှု ကင်းမဲ့နေသဖြင့် မြို့နေပြည်သူများမှာ ကျီးလန့်စာစားဖြင့် နေထိုင်နေရသည်။
#MeKongNews
#လားရှိုး
#ပြန်ပေးဆွဲ
#ဆိုင်ရှင်
#လွတ်မြောက်








