မဲခေါင်၊ မေ ၂
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် စစ်ကောင်စီက ကားအစီး ၂၀ ကျော်ဖြင့် အင်အား ဖြည့်တင်းလာသည်ဟု ရှမ်းမြောက် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်တွင် စစ်ကောင်စီက စစ်ကားအစီး ၂၀ ကျော် ခန့်မှန်းအင်အား ၅၀၀ ခန့်ဖြင့် မိုးမိတ်ဘက်သို့ အင်အားဖြည့်တင်းလာခြင်း ဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
“ပြင်ဦးလွင်ဘက်မှ မိုးမိတ်သို့ အင်အားဖြည့်လာတာလို့ သတင်းရပါတယ်။ မိုးမိတ် မဘိမ်းခွင်တွေကို ထိုးစစ်ဆင်ဖို့လို့ ယူဆရတယ်။ အင်အားဖြည့်လာတာက တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်တွေနဲ့လို့လည်း သတင်းရတယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက ထိုသို့ အင်အား ဖြည့်တင်းလာခြင်းကြောင့် ရှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်များတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ မိုးမိတ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
စစ်ကောင်စီသည် ဧပြီလမှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ မူဆယ်တို့တွင်လည်း စစ်အင်အား အများအပြား ဖြည့်တင်းထားလျက်ရှိသည်။
#MeKongNews
#မိုးမိတ်
#စစ်ကောင်စီ
#အင်အား
#အလုံးအရင်းဖြည့်








