မဲခေါင်၊ ဧပြီ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အစပ်တွင် ယမန်နေ့ ဧပြီ ၂၈ ရက်၊ ညနေပိုင်းက အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီခန့်က ကလောမြို့နယ်၊ ပင်းတယမြို့နယ်တို့နှင့် ထိစပ်နေသည့် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ကလေးငယ် ၂ ဦးသည် မိခင်နှင့်အတူ ဂျင်းစိုက်ပျိုးခြံမှ ပြန်လာပြီး အိမ်အတွင်း ထိုင်နေစဥ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးစက်ကွင်း ထိမှန်မှုကြောင့် လူကြီးများတွင် ဒဏ်ရာမရဘဲ ဒဏ်ရာရသူ ကလေးငယ် ၂ ဦးအနက် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးခဲ့ပြီး ၁၃ နှစ်အရွယ် အကိုဖြစ်သူမှာ ခန္ဓာကိုယ်တွင်သာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ကလေးမလေးက မေ့မျောနေပြီး ဆေးရုံမှာ ည ၁၁ နာရီလောက် ဆုံးတယ်။ သူ့အကိုကတော့ ဒီမနက် ဆေးရုံဆင်းပြီ၊ သူတို့ရွာက ကလောဖက်ကထက် ပင်းတယ ကျူံးဖက်က ပိုနီးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ မိန်းကလေးငယ်၏ ရုပ်အလောင်းအား ယနေ့ ဧပြီ ၂၉ ရက်တွင် အောင်ပန်းမြို့၊ မင်းဂူသုဿာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သိရသည်။
မေ ၄ ရက် အထိမိုးတိမ် တောင်များကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်းနှင့် မိုးသီးကြွေကျခြင်း စသည်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အကြံပြုထားသည်။
#MeKongNews
#ကလော
#ကလေးငယ်
#မိုးကြိုးစက်ကွင်း
#ထိမှန်သေဆုံး








