မဲခေါင်၊ ဧပြီ ၁၉
UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့ပေါ်ရှိ ဟိုတယ်များမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်သံသယရှိသူများကို တရုတ်နိုင်ငံ၊ ယူနန်အစိုးရဘက်သို့ တိုက်ရိုက်လွှဲပြောင်းပေးနေကြောင်း မဲခေါင်၏ သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီလ ၁၁ ရက်နေ့မှစ၍ ယနေ့အထိ ပန်ဆန်းမြို့ပေါ်ရှိ ဟိုတယ်များမှ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်သံသယရှိသူများကို “ဝ” ဘက်မှ စစ်ဆေးမေးမြန်းခြင်း မပြုတော့ဘဲ ယူနန်အစိုးရဘက်မှသာ စစ်ဆေးတော့မည်ဖြစ်သဖြင့် ဖမ်းမိသည်နှင့် တစ်ပြိုင်နက် တိုက်ရိုက်လွှဲပြောင်းပေးနေခြင်းဖြစ်သည်။
“ယူနန်ဘက်ကို ဖမ်းရသမျှ နေ့မကူးဘဲ တိုက်ရိုက်လွှဲနေတယ်။ ယူနန်ဘက်ရောက်မှပဲ စစ်တော့မယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
ဧပြီလ ၁၇ရက်က လွှဲပြောင်းပေးအပ်ခဲ့သူများအပါအဝင် ဧပြီလ ၁၁ ရက်မှ ယနေ့အထိ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်သံသယရှိသူ ၇၀ ဦးခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် UWSA သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ယင်းတရုတ်နိုင်ငံသားများကို အကာအကွယ်ပေးခဲ့သည့် “ဝ” တပ်ဖွဲ့ဝင်များကိုပါ ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
#MeKongNews
#ပန်ဆန်း
#ကျားဖြန့်
#တရုတ်နိုင်ငံ
#ယူနန်ပြည်နယ်








