မဲခေါင်၊ ဧပြီ ၁၇
“ဝ” ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် “ဝ” တပ်ဖွဲ့ဝင် အများအပြားကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးရာတွင် “ဝ” တပ်ဖွဲ့၏ ထိပ်ပိုင်းအရာရှိတစ်ဦး အပါအဝင် ခေါင်းဆောင်ဟောင်းအချို့ကိုပါ ကျားဖြန့်ဂိုဏ်းများထံမှ လာဘ်စားမှု၊ ပါဝင်ပတ်သက်မှုများရှိသည်ဟူသော တရုတ်နိုင်ငံဘက်မှ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“တရားရေးကော်မရှင်အရာရှိဟောင်းတစ်ဦးနဲ့ အာဏာအလွဲသုံးစားလုပ်သူ တစ်ဦးတို့ကို ဖမ်းထားတယ်လို့ သိရပေမဲ့ အမည်တွေတော့ အတည်မပြုနိုင်သေးဘူး။ ကျားဖြန့်သမားတွေကို အချင်းချင်း သတင်းပေးရင် ဆုငွေပေးမယ်လို့လည်း ကြေညာထားတယ်။ အခုဖမ်းခံရသူတွေထဲမှာ တရုတ်တွေကို အကာအကွယ်ပေးခဲ့တဲ့ ‘ဝ’ တပ်သား ၅၀ ခန့် ပါဝင်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
မဲခေါင်သတင်းဌာနအနေဖြင့် ယင်းဖမ်းဆီးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ ၁၄ ရက်အတွင်း “ဝ” ဒေသ၊ ပန်ဆန်းမြို့ရှိ ဟိုတယ်များမှ တရုတ်နိုင်ငံသား ကျားဖြန့်သမား ၆၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက်၊ ယခုအခါ ယင်းတရုတ်နိုင်ငံသားများကို အကာအကွယ်ပေးထားသည့် “ဝ” တပ်ဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်ရှိ မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများအတွင်း ကျားဖြန့်ရှင်းလင်းရေး စစ်ဆင်ရေးတစ်ရပ်ကို MNDAA၊ NDAA တို့နှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
#MeKongNews
#ကျားဖြန့်
#တရုတ်
#လာဘ်စားမှု
#UWSA








