မဲခေါင် ၊ ဧပြီ ၁၇
ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး -PSLF/TNLA မှ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းသည် တအာင်းပြည်သူလူထုတို့၏ နိုင်ငံရေးမျှော်မှန်းချက်၊ ရပ်တည် ချက်နှင့် လုံးဝ ဆန့်ကျင်နေသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် – TCSN က သဘောထား ထုတ်ဖော်လိုက်သည်။
သမ္မတဖြစ်လာသည့် အာဏာ သိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား ကြိုဆိုကြောင်းနှင့် အပစ်ခတ်ရပ်စဲရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဧပြီ ၁၅ ရက်တွင် TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည့်အပေါ် TCSNက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်လာခြင်း ဖြစ်သည်။
“PSLF/TNLA ခေါင်းဆောင်များမှ ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကို ကိုယ်ချင်းစာနာ နားလည်ပေးနိုင်သော်လည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခြင်းသည် PSLF/TNLA ၏ အခြေ အနေအရ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး TCSN နှင့် ပြည်သူများ၏ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း အတိအလင်းပြောကြားလိုပါသည်” ဟု TSCN က ဆိုသည်။
ထို့ကြောင့် TNLA အနေဖြင့် အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်းဆက်သွယ်ခြင်းနှင့် ဂုဏ်ပြုခြင်းကိစ္စရပ်များကို ချက်ချင်း ရပ်တန့်ပေးပါရန်၊ ပြည်သူများနှင့် ယုံကြည်မှုများကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုများမှ ငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည် ဆောက်သွားရန် TSCN က ထုတ်ပြန်ချက်တွင် တောင်းဆိုသည်။
ထို့ပြင် TNLA အနေဖြင့် တအာင်းဒေသတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် CDM များ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် ရဲဘော်များနှင့် ဒဏ်ရာရနေသည့် ရဲဘော်များအပါအဝင် ပြည်သူလူထု၏ မျက်နှာများကို ထောက်ထားပြီး တော်လှန်ရေးလမ်းကြောင်းပေါ်တွင် မားမား မတ်မတ် ပြန်လည် ရပ်တည်ပေးရန်လည်း TSCN က ဆိုသည်။
ဦးမင်းအောင်လှိုင်သည် ၎င်းသမ္မတဖြစ်ရေးအတွက် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးနှိပ်စက်၊ ထောင်ထဲထည့်ခြင်း၊ တအာင်းပြည်သူလူထုများ အပါအဝင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ ပြည်သူများအား နိုင်ငံအနှံ့အပြားတွင် သတ်ဖြတ်နေခြင်း၊ လေယာဉ်ဖြင့် နေ့စဉ်မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်များ အပါအဝင် အမျိုးသမီးများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးစေခဲ့သည်ဟု TCSNကထုတ်ပြန်ချက်တွင် ပြောသည်။
#MeKongNews
#ဦးမင်းအောင်လှိုင်
#ဂုဏ်ပြု
#TNLA
#TCSN








