မဲခေါင်၊ ဧပြီ ၁၂
၂၁ နာရီကြာ ဆွေးနွေးခဲ့ပြီး အီရန်နှင့် သဘောတူညီချက်မရ ဖြစ်ခဲ့ပြီးနောက် အမေရိကန် ညှိနှိုင်းရေးအဖွဲ့ ပါကစ္စတန်မှ ထွက်ခွာတော့မည်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ယနေ့ ပြောကြားသည်။
ဆွေးနွေးပွဲတွင် လိုအပ်ချက်များ ရှိခဲ့ပြီး နျူကလီးယားလက်နက်များ မတည်ဆောက်ရေး အပါအဝင် အမေရိကန်၏ သတ်မှတ်ချက်များကို အီရန်က လက်သင့်မခံခဲ့ဟု ဂျေဒီဗန့်စ်က ပြောသည်။
“သတင်းဆိုးကတော့ ကျနော်တို့ သဘောတူညီချက် မရခဲ့ပါဘူး။ ဒါဟာ အမေရိကန်ထက် အီရန်အတွက် ပိုဆိုးတဲ့သတင်း ဖြစ်ပါလိမ့်မယ်”ဟု ဗန့်စ်က ပြောသည်။
ထို့ကြောင့် သဘောတူညီချက် မရရှိဘဲ အမေရိကန် ပြန်တော့မည်ဖြစ်ကာ မိမိတို့၏ အနီရောင်စည်းများကို ရှင်းလင်းစွာ ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲ လုပ်နေစဥ်အတွင်း သမ္မတ ထရမ့်နှင့် အကြိမ်ကြိမ် ဆက်သွယ်စကားပြောခဲ့ကြောင်း ဖွင့်ဟခဲ့သော ဂျေဒီဗန့်စ်က ဆိုသည်။
ဆွေးနွေးပွဲများ အဆုံးသတ်သွားပြီဖြစ်ကာ ၂ ဖက် နည်းစနစ်ပိုင်း ကျွမ်းကျင်သူများက စာရွက်စာတမ်းများ အပြန်အလှန် လဲလှယ်ကြလိမ့်မည်ဟု အီရန်အစိုးရက X လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။
“ကွဲပြားမှုတွေ ဆက်ရှိနေပေမယ့်လည်း ဆွေးနွေးမှုတွေ ဆက်ရှိပါမယ်” ဟု အီရန်ထုတ်ပြန်ချက်က ဆက်ပြောသော်လည်း ဆွေနွေးမှုများ မည်သည့်အချိန် ပြန်စမည်ကို ဖော်ပြမထားပေ။
ဗန့်စ်၊ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ်နှင့် ထရမ့်သားမက် ဂျာရက်ကုရှ်နာ တို့က အီရန် ပါလီမန်ဥက္ကဌ မိုဟမ္မဒ် ဘာကာ ကာလီဘက်ဖ်၊ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီတို့နှင့် ဆွေးနွေးခဲ့ကြကြောင်း ပါကစ္စတန်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးအတွင်း စိတ်ခံစားချက် အပြောင်းအလဲ အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အခြား ပါကစ္စတန် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အမေရိကန်
#အီရန်
#ဆွေးနွေး
#ပွဲပျက်








