မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားဒေသတွင် မုန်လာပန်း (ပန်းပွင့်)များ စျေးနှုန်းကျဆင်းကာ ရောင်းချမရသဖြင့် စိုက်ပျိုးသူတောင်သူများက လမ်းဘေးများတွင် လွှင့်ပစ်နေရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ယင်းမုန်လာပန်းများမှာ စျေးကွက်တွင် ဝယ်သူ မရှိသလောက် နည်းပါးလာခြင်းနှင့် စျေးနှုန်း အလွန်နိမ့်ကျနေခြင်းတို့ကြောင့် ရောင်းချမရတော့ဘဲ စွန့်ပစ်ရခြင်းဖြစ်ကြောင်း သိရသည်။
“စိုက်ထားတဲ့ ကုန်ပစ္စည်းကို စျေးမရလို့ လွှင့်ပစ်လိုက်ရတာက တကယ်ကို နာပါတယ်။ အရင်ထက် ကုန်ကျစရိတ်တွေ အများကြီးတက်လာပြီး အခုတော့ သယ်ယူခတောင် မကျေတော့ဘူး” ဟု ဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
မုန်လာပန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တစ်ပွင့်လျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပွင့်လျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာ ရရှိနေကြောင်း တောင်သူများက ဆိုသည်။
“ဒီမုန်လာပန်းတွေကို စိုက်ဖို့ အချိန်၊ အလုပ်နဲ့ အရင်းအနှီး အများကြီး ထည့်ထားရတာပါ။ ကိုယ့်လက်နဲ့ စိုက်ပြီး ထွက်လာတဲ့ ပစ္စည်းကို ဒီလိုလမ်းဘေးမှာ လွှင့်ပစ်လိုက်ရတာက တကယ်ကို မတန်ဘူးလို့ ခံစားရတယ်။ အရင်းတောင် မကျေတော့ဘူး၊ အလုပ်လုပ်သမျှ အချည်းနှီး ဖြစ်သလိုပဲ။ ဒီလိုအခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် နောက်ရာသီမှာ စိုက်ဖို့တောင် စဉ်းစားရမယ့်အခြေအနေ ဖြစ်လာပြီ” ဟု နောင်တရားဒေသရှိ တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် မုန်လာပန်းသည် လွယ်ကူစွာ ရောင်းချနိုင်သည့် ကုန်စိမ်းတစ်မျိုး ဖြစ်သော်လည်း လက်ရှိတွင် ဝယ်လိုအား လျော့နည်းလာခြင်း၊ သယ် ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ကျစရိတ်မြင့်တက်လာခြင်းတို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် အရှုံးပေါ်မှုများ ပိုမို ကြုံတွေ့လာနေကြသည်။
#MeKongNews
#နောင်တရား
#မုန်လာပန်း
#တောင်သူ
#လွှင့်ပစ်








