မဲခေါင်၊ ဧပြီ ၈
အီရန်အပေါ် တိုက်ခိုက်မှုများအား သီတင်း ၂ ပတ်ကြာ ဆိုင်းငံ့သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို အစ္စရေးက ထောက်ခံကြောင်း သို့သော် ၎င်းအပစ်အခတ်ရပ်စဲမှု၌ လက်ဘနွန် မပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ရုံးက ပြောသည်။
ဟောမုဇ်ရေလက်ကြားကို ချက်ချင်းဖွင့်ပေးပြီး၊ အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများအား တီဟီရန်က ရပ်ဆိုင်းခဲ့ပါက အမေရိကန် အပစ်ရပ်မှုကို အစ္စရေးက ထောက်ခံသည်ဟု ဝန်ကြီးချုပ်ရုံးက ပြောသည်။
အီရန်အပေါ် တိုက််ခိုက်မှုများကို သီတင်း ၂ ပတ်ကြာ ဆိုင်းငံ့လိုက်ကြောင်း အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဧပြီ ၁၀ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တွင် စတင်သွားမည်ဖြစ်ကြောင်း အီရန်က ပြောကြားသည်။
အပစ်အခတ် ရပ်စဲမှုကို အစ္စရေးကလည်း သဘော တူခဲ့သည်ဟု အိမ်ဖြူတော် အရာရှိကြီး ၂ ဦးက အစောပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
အလားတူ ၂ ပတ်ကြာ အပစ်ရပ်ရန် သဘောတူညီချက်တွင် အစ္စရေးက လက်ဘနွန်ပေါ် လုပ်ဆောင်နေသည့် စစ်ဆင်ရေးလည်း ပါဝင်ကြောင်း ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ရှာရစ်ဖ်ကလည်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
သို့ရာတွင် ထရမ့်၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် ၄ နာရီခန့်အကြာတွင် အီရန်နှင့် အပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်မပါဝင်ကြောင်း နေတန်ယာဟု ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထရမ့် ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက်တွင်လည်း အစ္စရေးက လက်ဘနွန်ကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခဲ့ကြောင်း ဘေရွတ်မြို့ရှိ ၎င်းတို့၏ သတင်းထောက်ကလည်း သတင်းပို့ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အပစ်အခတ်
#ရပ်စဲမှု
#လက်ဘနွန်
#အစ္စရေး








