မဲခေါင်၊ ဧပြီ ၆
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ လမ်လုကာ ခြောင် (၈) ဒေသရှိ ဆေးသုတ်လုပ်ငန်းတစ်ခုတွင် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားတစ်ဦးအား ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်တစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသားများ၏ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ ပအိုဝ်းလူမှုကူညီရေးအဖွဲ့ထံ တိုင်ကြားထားပြီး၊ ယမန်နေ့ ဧပြီ ၅ ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင်များထံ အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။
“တိုင်ကြားမှုကို လက်ခံပြီး အမှုဖွင့်ဆောင်ရွက်နေပါပြီ။ ထိခိုက်နစ်နာသူဘက်က တရားမျှတမှု ရရှိနိုင်ဖို့ အပြည့်အဝ ကူညီဆောင်ရွက်သွားပါမယ်” ဟု လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
အဓမ္မကျင့်ခံရသူ အလုပ်သမားအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်မှာ ၃ လခန့်သာ ရှိသေးပြီး၊ ထိုင်းဘာသာစကား မကျွမ်းကျင်သေးသလို တရားဝင် အထောက်အထားများ ဖြစ်သည့် အလုပ်လုပ်ခွင့်လက်မှတ်နှင့် အလုပ်သမားကတ်များလည်း မရှိသေးကြောင်း သိရသည်။
“ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ တရားဝင် အထောက်အထားတွေ ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ အခုလို ပြဿနာတွေ ဖြစ်ပေါ်လာတဲ့အခါ အထောက်အထား မရှိသူတွေက ပိုပြီး အခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ်။ အမှုလိုက်လံ ဆောင်ရွက်ရာမှာလည်း ကြာရှည်နိုင်သလို တရားရုံးမှာ အနိုင်ရရှိဖို့ အခွင့်အလမ်းလည်း နည်းနိုင်ပါတယ်” ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ပအိုဝ်းလူမှုကူညီရေးအဖွဲ့မှ ထိခိုက်နစ်နာသူအတွက် ဥပဒေရေးရာ အကူအညီများ၊ ဘာသာပြန်အကူအညီများနှင့် လူမှုရေးထောက်ပံ့မှုများ ဆက်လက် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
အမှုအား ယခုအချိန်တွင် စုံစမ်းစစ်ဆေးဆဲ အဆင့်တွင်ရှိနေပြီး၊ သက်ဆိုင်ရာဥပဒေအရ ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင်ကို ဆက်လက် အရေးယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၁၂ ရက်တွင်လည်း ချွန်ဘူရီခရိုင်၊ စဖန်မိုင်ဒေသရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမား ၂ ဦးအား အလုပ်လုပ်နေစဉ် ဆိုင်ရှင်မှ ရိုက်နှက်နှိပ်စက်မှု ဖြစ်ပွားခဲ့ပြီး၊ ယင်းအမှုကိုလည်း ကူညီ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပအိုဝ်းလူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#MeKongNews
#အယုဒ္ဓယ
#ပအိုဝ်းတိုင်းရင်းသူ
#ထိုင်း
#အလုပ်သမားခေါင်းဆောင်
#အဓမ္မကျင့်








