မဲခေါင်၊ ဧပြီ ၅
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် အစပ်ဒေသရှိ နန်းဖဲကျေးရွာအုပ်စုအတွင်းရှိ ဘူးခူကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက် ညပိုင်းတွင် ယင်းကျေးရွာအနီး တစ်လကျော်ကြာ တပ်စွဲနေသည့် စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွာတစ်ဝက်လောက်က မီးလောင်သွားတယ်။ ရွာသားတွေ အနီးကပ် ပြန်ကြည့်ဖို့တောင် မဖြစ်နိုင်ဘူး။ အနီးမှာ စစ်တပ်ရှိနေသလို မြေမြှုပ်မိုင်း အန္တရာယ်လည်း စိုးရိမ်ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများသည် မူလနေရာမှ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး တစ်လကျော်အကြာတွင် မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီက ဆက်လက် တပ်စွဲထားသဖြင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ရန် ခက်ခဲနေပြီး မြေမြှုပ်မိုင်း အန္တရာယ်ကြောင့်လည်း စိုးရိမ်မှုများ မြင့်တက်နေသည်။
ဘူးခူကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
ထို့ပြင် ကရင်နီပြည်နယ်အတွင်းရှိ ဒီးမော့ဆို – ဖရူဆို – ဘောလခဲ ကားလမ်းမကြီးကို ၎င်းတို့ ထိန်းချုပ်ထားကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
#MeKongNews
#ဖရူဆို
#ဘောလခဲ
#ဘူးခူကျေးရွာ
#စစ်ကောင်စီ
#မီးရှို့








