မဲခေါင်၊ မတ် ၁၉
စစ်ကောင်စီ ဖိအားပေးလာသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျေးရွာများဘက်တွင်ရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တပ်စခန်းအချို့ ထပ်မံ ဆုတ်ခွာပေးရသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရပ်စောက်မြို့နယ် အင်တော – ကျောက်ဂူလမ်းမကြီးပေါ်တွင်ရှိသည့် SSPP စခန်းများကို စစ်ကောင်စီက ဆုတ်ခိုင်းပြီးနောက် ကျေးရွာဘက်တွင်ရှိသည့် စခန်းများကိုပါ ထပ်မံ ဆုတ်ခိုင်းခြင်းဖြစ်သည်။
လက်ရှိတွင် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စု အတွင်းရှိ SSPP စခန်း ၄ ခုထက်မနည်း မတ် ၁၇ ရက်တွင် ရုပ်သိမ်း ဆုတ်ခွာသွားပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဆုတ်သွားပြီ မရှိတော့ဘူး။ လမ်းမကြီးပေါ် ဆုတ်ပြီးတော့ ဒီတစ်ပတ် ကျေးရွာတွေဘက်မှာပါ ဆုတ်သွားတာ။ ရှမ်းစိမ်း (SSPP) စခန်းမှာ ကျန်နေတဲ့ သစ်တိုင်တွေကိုတောင် ဒေသခံတချို့က ထော်လာဂျီတွေနဲ့ သွားသယ်ယူကြပြီ”ဟု ၎င်းက ပြောသည်။
ယင်းဒေသတွင် SSPP က စခန်းရုပ်သိမ်း ဆုတ်ခွာသွားပြီဖြစ်သဖြင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်စခန်းများသာ ကျန်ရှိသည်ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။
SSPP ဘက်မှ စခန်းသိမ်းပြီး ဆုတ်ခွာသွားသည့် နေရာများမှာ ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စု၊ ဆတ်သေမြေမဲ ကျေးရွာအနီးရှိ စခန်း ၃ ခု ၊ ပင်လုံကျေးရွာအနီးရှိ စခန်းတစ်ခုဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ရွှေညောင် – ရပ်စောက် – ကျောက်ဂူ လမ်းမကြီးပေါ်တွင် RCSS၊ စစ်ကောင်စီ၊ SSPP၊ PNO ပြည်သူ့စစ်တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် အများအပြား ရှိသော်လည်း စစ်ကောင်စီက SSPP ဂိတ်ကိုသာ ဆုတ်ခိုင်းခြင်း ဖြစ်သည်။
ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စုတွင် စစ်ကောင်စီတပ်၊ RCSS တပ်၊ PNO တပ်များလည်း လှုပ်ရှားနေပြီး အဖွဲ့အားလုံးကို ပြည်သူက ဆက်ကြေးပေးရသည်။
#MeKongNews
#စစ်ကောင်စီ
#ဖိအား
#ရပ်စောက်
#SSPP








