မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် အတွင်းရှိ သံလွင်မြစ်ကူးတံတားဖြစ်သည့် ဖားဆောင်းတံတားသည် ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖားဆောင်းမှ မယ်စဲ့မြို့နယ်ဘက်သို့ ဆက်သွယ်ထားသော သံလွင်မြစ် ကူးတံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် တံတားအရှည် ပေ ၃၀၀ ခန့် ပျက်စီးသွားကြောင်း စစ်တပ်ဘက်မှလည်း ထုတ် ပြန်ထားသည်။
“ဖားဆောင်းတံတားက ဒေသခံတွေ အတွက် အရေးကြီးတဲ့ လမ်းကြောင်းဖြစ်တာကြောင့် မိုင်းခွဲခံရတာက သွားလာရေးအတွက် အရမ်းအခက်အခဲ ဖြစ်လာပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သို့ရာတွင် ယင်းတံတားကို မည်သည့် အဖွဲ့အစည်းက မိုင်းခွဲခဲ့သည်ကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းမတိုင်မီ ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖားဆောင်းမြို့အတွင်းသို့ စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း ဖားဆောင်းတံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။
ထိုဖြစ်စဉ်များနောက်ပိုင်း စစ်တပ်က တံတားအနီးဒေသကို ထိန်းချုပ်ခဲ့ပြီး ဖားဆောင်းမြို့နယ်အတွင်းရှိ ခဲမဖြူရွာ အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်။
“တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်။ စစ်တပ်ဖက်က လေကြောင်းတိုက်ခိုက်မှုပါ လုပ်နေတယ်။ ရွာသားတွေ ထွက်ပြေးလို့လည်း မရတော့ အရမ်း စိုးရိမ်နေကြပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အလားတူ ဖားဆောင်းမြို့နယ်အတွင်းရှိ ဖားဆောင်း – ဝမ်အောင်း – ချိကွဲ့ – စောင်းလော့ လမ်းပိုင်းပေါ်တွင် တည်ရှိသည့် ပွန်ချောင်းတံတားလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယခင်တစ်ကြိမ် တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပြုပြင်ပေးခြင်း မရှိသဖြင့် သံလွင်မြစ်ကို စက်လှေများဖြင့်သာ ကမ်းကူးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ စက်လှေဖြင့် ကူးသန်းရမှုကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ အလွန်မြင့်တက်ခဲ့ပြီး ယခင်က လူတစ်ဦးလျှင် စက်လှေခ ၅ ထောင် ကျပ်ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် တစ်သောင်းခွဲအထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ယခင်က ကားတစ်စီးလျှင် ကျပ်တစ်သိန်းခန့်သာ ရှိခဲ့သည့် စက်လှေခများမှာ လက်ရှိတွင် ကျပ် ၃ သိန်းအထိ တိုးမြင့်လာကြောင်း သိရသည်။
ဖားဆောင်း သံလွင်တံတားသည် ဖားဆောင်း – မယ်စဲ့ရှိ ဒေသခံများ အဓိက အသုံးပြုသည့် တံတားတစ်စင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယမန်နှစ် စက်တင်ဘာလမှ စတင်၍ ဘောလခဲ – ထူးချောင်း – ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီတပ်က အဓိက အသုံးပြုပြီး ထိုးစစ်ဆင်နေကာ လက်ရှိတွင် ဖားဆောင်းမြို့ထဲ ပြန်လည် ဝင်ရောက်နိုင်ခဲ့သည်။
ဖားဆောင်းမြို့ အပြင်ဘက်ကိုမူ တော်လှန်ရေးတပ်များက ဝိုင်းရံ ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်အတွင်းမှ မော်ချီးဒေသဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသလို ခဲမဖြူအနီးတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ဖားဆောင်းတံတား
#မိုင်းခွဲခံရ
#လက်သည်
#ကရင်နီ








