မဲခေါင်၊ ဖေဖော်ဝါရီ ၁၅
နိုင်ငံတကာအလှူရှင်များနှင့် ပြည်တွင်းအလှူရှင်များ စုပေါင်းလှူဒါန်း တည်ထောင်ပေးထားသည့် ဗန်းမတ်ရွာသစ် (စစ်ဘေးရှောင်ကျေးရွာ)ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ ဖျက်ဆီးလိုက်သည်ဟု ဒေသခံ ပြည်သူများက ပြောသည်။
မောက်မယ်မြို့နယ်၊ ဗန်းမတ်ရွာသစ်သည် ဗန်းမတ် – ပွန်ချောင်း အဆင်းလမ်းရှိ ပွန်ချောင်းအနီးတွင် တည်ရှိသည့် ရွာဖြစ်ပြီး အိမ်ခြေ ၁၆ အိမ်သာရှိသည့် ကျေးရွာငယ်လေး ဖြစ်သည်။
ယင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ပွဲများကြောင့် ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပအိုဝ်းပြည်သူများကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် ဗန်းမတ်ဒေသခံများက စုပေါင်းကာ တည်ထောင်ပေးခဲ့သည့် ကျေးရွာဖြစ်သည်။
“၁၃ ရက်နေ့ညမှာ PNO ပြည်သူ့စစ်တွေ အကုန်ရှို့လိုက်တာ။ အဲဒီညမှာပဲ ပွန်ချောင်း အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို သူတို့ ကူးလာနိုင်တာပေါ့နော်၊ အဲ့အရင် ၂ ရက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ၁၃ ရက်မှာတော့ ဒီဘက်ခြမ်းကို ရောက်လာပြီး အဲ့ရွာသစ်ကို မီးရှို့လိုက်တာ၊ စစ်ဘေးရှောင်ပြည်သူတွေကတော့ အဲ့မှာ မရှိတော့ဘူး။ နောင်ထောဝ်မှာ တိုက်ပွဲဖြစ်ကတည်းက ပြန်တဲ့လူကလည်း ပြန်၊ တခြားနေရာကို ထပ်ရှောင်တဲ့လူကလည်း ရှောင်သွားကြပြီ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
ယခင်တွင် ယင်းရွာသစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ပဒါညေးရွာမှ စစ်ဘေးရှောင်လာသည့် ပအိုဝ်းပြည်သူ ၁၀၀ ကျော် နေထိုင်ခဲ့သည်။
ယခုတွင်မူ PNO က မီးရှို့လိုက်သဖြင့် ယင်းကျေးရွာသည် သက်တမ်းအားဖြင့် ၃ နှစ်ကျော်သာ ရှိသေးချိန်တွင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
“ကျမတို့လည်း အဲ့ဒီမှာ တစ်နှစ်ကျော်ခိုလှုံခဲ့ဖူးပါတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့နောက်ပိုင်း တချို့က ပဒါညေးကို ပြန်သွားတယ်။ ကျွန်မတို့က ထိုင်းဖက်ထွက်လာခဲ့တယ်။ ရွာကလေး မီးရှို့ခံရတာကြားတော့ စိတ်မကောင်းဘူးရှင့်” ဟု ပဒါးညေးကျေးရွာမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
PNO ပြည်သူ့စစ်သည် အသေအပျောက် များစွာဖြင့် မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို ထိုးစစ်ဆင်နေပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းလည်း ပြုလုပ်နေသည်။
ကဒူးကြီးဒေသ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ လူယုံ ဗိုလ်မှူးကေ ဆိုသူက တိုက်ပွဲအတွင်း လူငယ်များ သေဆုံးခြင်းထက် စစ်အနိုင်ရရေးသာ အရေးကြီးသည် ဟုပင် လူမှုကွန်ရက်ပေါ်တွင် ပြောဆိုခဲ့သည်။
ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နှင့် ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေသည့် ပွန်ချောင်းပေါ်တွင် တရုတ်ကုမ္မဏီဖြစ်သည့် ဒေါင်းဖန်းကုမ္မဏီနှင့်ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်း ၄ နေရာထက်မနည်း တည်ဆောက်ရန် PNO သည် မောက်မယ်မြို့ ကဒူးကြီးဒေသ၊ ကရင်နီပြည် ရှားတောမြို့နယ်နှင့် ထိုင်းနယ်စပ်အထိ နယ်မြေရရှိရေးအတွက် ထိုးစစ်ဆင်နေသည်။
#MeKongNews
#ပြည်တွင်း
#ပြည်ပ
#အလှူရှင်များ
#ဗန်းမတ်ရွာသစ်
#မီးရှို့
#PNO
ဓာတ်ပုံ – ရွာစတင်တည်ဆောက်စဉ်က ပုံဟောင်းများဖြစ်သည်။+








