မဲခေါင်၊ ဇန်နဝါရီ ၃၀
ထိုင်ဝမ်ပြည်တွင်း၌ ပထမဆုံးအကြိမ် တည်ဆောက်ထားသော ရေငုပ်သင်္ဘောတစ်စီးကို ကနဦး ရေအောက် စမ်းသပ်မှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Narwhal ဟု အမည်ပေးထားသော ပထမဆုံး ရေငုပ်သင်္ဘောအား ပထမအကြိမ် ရေအောက်စမ်းသပ်မှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရေယာဉ်တည်ဆောက်မှုကို ဦးဆောင်နေသော ထိုင်ဝမ်မှ CSBC Corp က ထုတ်ပြန် ပြောကြားသည်။
ယင်းရေငုပ်သင်္ဘောအား ရေတိမ်တွင် စမ်းသပ်ခဲ့သည်ဟု CSBC Corp ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြကာ ရေငုပ်သင်္ဘောများသည် တားဆီးမှုအင်အားတွင် အဓိကမဟာဗျူဟာ စွမ်းရည်များဖြစ်သည်ဟုလည်း ထိုင်ဝမ်တောင်ပိုင်းမှ ကောင်းရွှန်းဆိပ်ကမ်း စမ်းသပ်မှုအပြီးတွင် ၎င်းတို့က ဆက်ပြောသည်။
ထိုင်ဝမ်သည် ၁၉၈၀ ပြည့်လွန်နှစ်များက နယ်သာလန်နိုင်ငံမှ ဝယ်ယူထားသော လက်ရှိ ရေငုပ်သင်္ဘော ၂ စီး ပိုင်ဆိုင်ထားပြီးဖြစ်ကာ Narwhal ကိုလည်း ၂၀၂၄ ခုနှစ်တွင် ရေတပ်သို့ ပေးပို့ရန် ရည်မှန်းထားခဲ့သော်လည်း နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတကာမှ အကန့်အသတ်များ၊ တရုတ်ကွန်မြူနစ်များထံမှ ဖိအားများကြောင့် ထိုင်ဝမ် ပြည်တွင်း ရေငုပ်သင်္ဘော တည်ဆောက်ရေး အစီအစဉ်သည် စတင်ခဲ့ချိန်ကတည်းက လက်ရှိအချိန်အထိ အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်ဟု CSBC Corp ထုတ်ပြန်ချက်က ဆိုသည်။
၂၀၂၇ ခုနှစ်အရောက်တွင် ပြည်တွင်း၌ ထုတ်လုပ်ထားသော ရေငုပ်သင်္ဘော အနည်းဆုံး၂ စီးကို ဖြန့်ကြက်သွားရန် မျှော်လင့်ထားကြောင်း ထိုင်ဝမ်က ပြောကြားပြီး နောက်ပိုင်း မော်ဒယ်များတွင် ဒုံးကျည်စနစ်များ တပ်ဆင်ရန် ရည်မှန်းသည်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ တန်သော ပထမဆုံး ရေငုပ်သင်္ဘောတွင် အမေရိကန် လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် တိုက်ခိုက်ရေးစနစ် တပ်ဆင်ထားပြီး အမေရိကန်လုပ် တော်ပီဒို ၄၈ ခု တပ်ဆင်ထားမည် ဖြစ်ကြောင်း သိရသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ထိုင်ဝမ်
#ရေငုပ်သင်္ဘော
#ရေအောက်စမ်းသပ်မှု
#အောင်မြင်








