ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
· ယခုတစ်ပတ်အတွင်း ရှမ်းပြည်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
ရှမ်းပြည်နယ်အတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေမရှိပါ။
· အပူချိန်
– ယခုတစ်ပတ်အတွင်း – ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၇°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ရှိနိုင်သည်။ မူဆယ်မြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၈°C ရှိနိုင်ပြီး နံနက်အစောပိုင်း အချိန်များတွင် မြူဆိုင်းမည့် ရက်များ ရှိနိုင်သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ယခင် တစ်ပတ်အတွင်း ဖြစ်ခဲ့သည့် အပူချိန်များထက် အနည်းငယ် မြင့်တက်လာနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၉°C အထိ ရှိနိုင်သည်။ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့် ဒေသများတွင် အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၈°C ရှိနိုင်ပြီး၊ နံနက်အစောပိုင်း အချိန်များတွင် တိမ်အနိမ့်များ ဖြစ်ထွန်းပြီး မြူဆိုင်းနိုင်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် ယခင်တစ်ပတ်အတွင်း ဖြစ်ခဲ့သည့် အပူချိန်များထက် အနည်းငယ်မျှသာ မြင့်တက်လာနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၂°C ခန့် ရှိနိုင်သည်။ ကျိုင်းတုံမြို့နယ်တွင် ယခု တစ်ပတ်အတွင်း တိမ်အနိမ့်များ ဖြစ်ထွန်းပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် – ၁၀°C ရှိနိုင်သည်။ ယခင်တစ်ပတ်အတွင်း ဖြစ်ခဲ့သည့် အနိမ့်ဆုံး အပူချိန်များအထက် ၂°C ခန့် မြင့်တက်လာနိုင်သည်။
· လေတိုက်နှုန်း
– ရှမ်းပြည်တစ်ခွင်တွင် ယခုတစ်ပတ်အတွင်း တောင် – အနောက်တောင်နှင့် အရှေ့တောင်ဘက် အရပ်များမှ လေ တိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၅ မိုင်မှ GUST ၁၀ မိုင်ခန့် တိုက်နိုင်သည်။
– ရှမ်းပြည်တစ်ခွင်တွင် ယခု တစ်ပတ်အတွင်း အမြင့်ပေ ၁၀၀၀၀ အထက်တွင် အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၅ ခန့်ရှိပြီး ယင်းအမြင့်တွင် အပူချိန် ၆°C ရှိနေနိုင်သောကြောင့် နံနက်အစောပိုင်းနှင့် ညဘက် အချိန်များတွင် အအေးဓာတ် ဆက်လက် လွှမ်းခြုံနေနိုင်သည်။
· လေထုစိုထိုင်းဆ
– ရှမ်းပြည်တစ်ခုလုံး၏ နေ့လည်ပိုင်း လေထုစိုထိုင်းဆ ၃၅ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး၊ ညနေပိုင်း၊ ညပိုင်းနှင့် မနက် အ စောပိုင်း အချိန်များတွင် ၈၅ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
– နေ့လယ်ပိုင်း လေထုစိုထိုင်းဆ မြင့်မားသည့် ဒေသများတွင် ခံစားရတဲ့အပူချိန် (Feels Like Temperature) သည် ၂၈°C မှ ၃၀°C ခန့် ရှိနေနိုင်သည်။
· မြေဆီလွှာစိုထိုင်းဆ
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၏ ပျမ်းမျှ မြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃ ရာခိုင်နှုန်းနှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၁၁ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။ ရှမ်းပြည်အရှေ့ပိုင်း ဒေသများတွင် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်) တွင် ၈ ရာခိုင်နှုန်းနှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၇ ရာခိုင်နှုန်း ခန့် ရှိနိုင်သည်။
ရှမ်းပြည်မြောက်ပိုင်း၏ မြေဆီလွှာအတွင်း ရေဓာတ် ပါဝင်နှုန်းသည် ယခုတစ်ပတ်အတွင်း နှစ်စဉ် ဖြစ်မြဲအောက် ၃ ဒသမ ၄ မီလီမီတာခန် ့ လျော့နည်းနေနိုင်ပြီး ရှမ်းပြည်တောင်ပိုင်းတွင် နှစ်စဉ် ဖြစ်မြဲအောက် ၀ ဒသမ ၆ ရာခိုင်နှုန်းနှင့် ရှမ်းပြည်အရှေ့ပိုင်း ဒေသများတွင် မြေဆီလွှာအတွင်း ရေဓာတ် ပါဝင်နှုန်းသည် နှစ်စဉ် ဖြစ်မြဲအောက် ၈ ဒသမ ၆ ခန့် လျော့နည်းနိုင်သည်။
· လေထုညစ်ညမ်းမှု အခြေအနေ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မြောက်ပိုင်းမှ လားရှိုးမြို့များ၏ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် ၁၁၀ ရှိနိုင်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၁၆၀ ရှိနိုင်ခြင်းကြောင့် လေထုညစ်ညမ်းမှုသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး မကောင်းသူများ သတိပြုရမည့် လေထုညစ်ညမ်းမှု အညွှန်းကိန်းဖြစ်သည်။
· ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသ အခြေအနေနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေ
– အိန္ဒိယသမုဒ္ဒရာ မြောက်ဘက်ခြမ်းတွင် ထူးခြားသည့် အခြေအနေ(လေပွေလှိုင်း၊ မုန်တိုင်း) ဖြစ်ပေါ်ရန်မရှိပါ၊
– ဇန်နဝါရီ ၂၄ ရက် မှ ဇန်နဝါရီ ၃၀ ရက်အထိ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်များ မြင့်တက်လာနိုင်သည်။ ဧရာဝတီတိုင်း၏ နေ့အပူချိန် ၃၄°C မှ ၃၆°C အထိ မြင့်တက်နိုင်ပြီး ည အပူချိန်သည် ၂၀°C မှ ၂၂°C ဝန်းကျင်တွင် ဆက်၍ရှိနေနိုင်ပြီး အေးနေနိုင်ဦးမည်။
– မြန်မာနိုင်ငံ မြောက်ဘက်နှင့် အနောက်ဘက်မှ လေအေးများ ဆက်လက်တိုးဝင် တိုက်ခတ်နေဦးမည် ဖြစ်သောကြောင့် ပြည်နယ်တိုင်း ဒေသအသီးသီးတွင် ညအပူချိန်များ ဆက်လက် ကျဆင်းပြီး အေးနေဦးမည်။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








