မဲခေါင်၊ ဇန်နဝါရီ ၂၂
ရုရှားနိုင်ငံ၊ နိုဗာယာအဒီဂီယာမြို့တွင် ပူတင်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်မှ ဒုံးကျည်တစ်စင်း လူနေတိုက်တန်းတစ်ခုအား မှားယွင်း ပစ်ခတ်မိသဖြင့် မီးများတောက်လောင်ခဲ့သလို ကလေး ၂ ဦးအပါ အနည်းဆုံး ၁၁ ဦး ဒဏ် ရာရခဲ့ကြောင်း သိရသည်။
ဒုံးကျည်မထိမှန်မီ ယင်းတိုက်တန်းတွင် စူးရှသော အလင်းတန်းအဖြူတစ်ခု ပေါ်လာကာ ဒုံးကျည်က ထိုနေရာသို့ မှားယွင်းဦးတည် ပစ်ခတ်မိသဖြင့် မီးများတောက်လောင်နေသည်ကို လူမှုကွန်ရက် ဗီဒီယိုများတွင် မြင်တွေ့ရသည်။
အလင်းတန်းတစ်ခုကို တွေ့ရသည့်အတွက် ဒရုန်းဟုထင်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်မှ ဒုံးကျည်က အလိုအလျောက် အဆောက်အအုံသို့ ပစ်မိခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ASTRA မီဒီယာသို့ ပြောဆိုသည်။
နိုဗာယာအဒီဂီယာ မြို့တော်ဝန် မူရတ်ကမ်ပီလော့ကမူ ယူကရိန်းဒရုန်းများကြောင့် လူနေအဆောက်အအုံ ထိမှန် ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရုရှား စစ်ရေးသုတေသီ ယန်မက်ဗီယက်ဗ် အပါအဝင် သတင်းရင်းမြစ်များစွာက မှားယွင်းပြီး ကိုယ့်ပြည်သူနေ တိုက်တန်းအား ပြန်ပစ်မိခြင်းသာ ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။
ရုရှားစစ်ဘက်ဆိုင်ရာ သတင်းအချက်အလက် ရုပ်သံလိုင်းတွင်လည်း S-300 သို့မဟုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်မှ ဒုံးကျည်တစ်စင်း ကားပါကင်တစ်ခုသို့ မှားယွင်း ပစ်ခတ်မိသည်ဟု ထုတ်ပြန်ထားကာ ကားများစွာ မီးလောင်ပျက်စီးသလို လူနေတိုက်ခန်းပါ ထိမှန်မှုရှိသည်ဟု အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ယူကရိန်းတပ်များသည် ရုရှားကျူးကျော် သိမ်းပိုက်ထားသော ဒိုးနက်စ်ဒေသ ဒီဘက်ဆီလ်ဗီ အရပ်ရှိ လက်နက် သိုလှောင်ရုံကြီးကို ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ရာ ခဲယမ်းများ အဆင့်ဆင့်ပေါက်ကွဲ လောင်ကျွမ်းပြီး ဆုံးရှုံးမှု ကြီးမားခဲ့သဖြင့် ပူတင်က ဒီနီပရိုပတ်ရော့ဗ်စ်အရပ်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပင်စင်စား အဖိုးအို ၂ ဦး သေဆုံးခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#လေကြောင်းရန်
#ကာကွယ်ရေးဒုံးကျည်
#မှားပစ်








