မဲခေါင်၊ ဒီဇင်ဘာ ၁၈
ကမ္ဘောဒီးယား အသုံးပြုနေသည့် တင့်ဖျက် ဒုံးကျည်များမှာ တရုတ်ထုတ်များ ဖြစ်နေသည်ကို မငြင်းဘဲ သာမန် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရောင်းချထားခြင်းသာ ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ကမ္ဘောဒီးယားစစ်သားများ အသုံးပြုသည့် တရုတ်ထုတ် တင့်ဖျက် ဒုံးကျည်များစွာကို ထိုင်းစစ်တပ်က သိမ်းဆည်းမိထားမှုအပေါ် နိုင်ငံများအကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ လက်နက်များ ရောင်းချပေးခြင်းမှာ သာမန်ကိစ္စသာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၁၈ ရက် တွင် ထုတ်ပြန် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ နယ်စပ်စစ်ပွဲ ငြိမ်းချမ်းရေး ရရှိရန် အာဆီယံရေးရာ အထူးသံတမန် တိန့် ရွှီကျွင်းကို ၂ နိုင်ငံစလုံးသို့ စေလွှတ်ပြီး ကြားဝင် ညှိနှိုင်း ပေးသွားမည်ဟုလည်း ယနေ့ ဒီဇင်ဘာ ၁၈ ရက် နံနက် အစောပိုင်းတွင် ပေကျင်းက ထုတ်ပြန်သည်။
အမြန်ဆုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့က တိုက်တွန်းနေစဉ် အတွင်း တရုတ်ဘက်မှလည်း တိန့်ရွှီကျွင်းကို ငြိမ်းချမ်းရေး ကြားပွဲစားအဖြစ် ယင်းနိုင်ငံများသို့ ၂ ကြိမ်တိုင် သွားရောက် စေ့စပ် ဆွေးနွေးမည်ဟု ဘန်ကောက်ရှိ တရုတ်သံရုံးကလည်း ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲသည် ဒီဇင်ဘာလဆန်းပိုင်း ကတည်းက ပြန်လည် စတင်ခဲ့ရာ နယ်စပ်ဒေသ ကီလိုမီတာ ၈၀၀ တစ်လျှောက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး သတင်းများအရ ထိုင်းစစ်သား ၂၁ ဦးနှင့် ကမ္ဘောဒီးယား ပြည်သူ ၁၂ ဦီး သေဆုံးကာ လူ ၅ သိန်းကျော် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ကိုကလင်း
Ref: bangkokpost
#MeKongNews
#ကမ္ဘောဒီးယား
#လက်နက်ရောင်း
#တရုတ်
#ထိုင်း








