မဲခေါင်၊ ဒီဇင်ဘာ ၅
ဖမ်းဆီးထားသည့် ကားများပေါ်မှ ကုန်ပစ္စည်းများကို အင်တောရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်စိုးဦးနှင့် နယ်ထိန်း အောင်ကိုလတ်တို့က ဖမ်းမိစာရင်း မပြဘဲ အပြင်ကို ရောင်းစားပြီး အလွဲသုံးစား လုပ်နေကြောင်း ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ရောင်းစားသည့် ပစ္စည်းများမှာ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်ရဲစခန်းတွင် ဖမ်းမိထားသည့် ပစ္စည်းများဖြစ်ပြီး ရပ်စောက်စခန်းမှူး လစ်လပ်နေစဉ် အင်တောစခန်းနှင့် တွဲထားချိန်၌ ရောင်းစားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ရပ်စောက်စခန်းမှူးက အပြောင်းပါလို့ အင်တောစခန်းတွဲထားတာ၊ ရောင်းတာက ဒီမှာ မရောင်းဘူး။ ဖမ်းဆီးထားတဲ့ ကားတွေ ယာဥ်စစ်သွားမယ် ဆိုပြီး တောင်ကြီး ကညနကိုအသွား ကားတွေပေါ် ပစ္စည်းတွေတင်ပြီး သွားရောင်းတာ ဒီနေ့နဲ့ဆို သုံးခေါက်ရှိပြီ”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
စခန်းမှူးနှင့် နယ်ထိန်းတို့သည် ကားများကို စတင်ဖမ်းဆီးစဥ်ကပင် ကားပေါ်ပါ ပစ္စည်းအချို့ကိုသာ စာရင်းပြပြီး ဖယ်ထားသည့် ပစ္စည်းများကို အပြင်ကို ရောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရောင်းချနေသည်မှာ ဒီဇင်ဘာ ၄ ရက်တွင် ၅ စီးရှိပြီး နိုဝင်ဘာ ၃၀ ရက်တွင် ၆ စီးရှိကာ ရှေ့ပိုင်း၌ မည်မျှရှိခဲ့သည်ကို မသိရကြောင်း သတင်းရင်းမြစ်က ပြောသည်။
ယင်းပစ္စည်းများမှာ ကျပ်သိန်း ၁၅၀ မှ သိန်း ၂၀၀ ကြားရှိ ရှမ်းမြောက်မှ လာသည့် ပစ္စည်းစုံဖြစ်ကြောင်း သိရသည်။
ဖမ်းမိပစ္စည်းများကို အလွဲသုံးစားသူ အင်တော ရဲစခန်းမှူးနှင့် နယ်ထိန်းတို့သည် ကေတီဗီတွင်သာ အိပ်ပြီး တစ်ရက် ကျပ် ၁၅ သိန်းမှ ၂၀ အထိ သုံးဖြုန်းနေကာ နယ်ထိန်း အောင်ကိုလတ် လက်ရှိ စီးနေသည့်ကားမှာ HONDA အမျိုးအစား လိုင်စင်မဲ့ဖြစ်ကြောင်း သိရသည်။
“စစ်တပ်ဂိတ်တွေက ဖမ်းပြီး ရဲအပ်အမှုဖွင့်ထားတဲ့ ကုန်တွေကို ကိုယ်ကျိုးရှာ အလွဲသုံးစား လုပ်နေတာ”ဟု အတွင်းသိတစ်ဦးက ပြောသည်။
ရပ်စောက်ရဲစခန်းတွင် တရားမဝင်ကုန်စည် တင်ဆောင်သည် ဟုဆိုကာ ယာဥ်မောင်းများ၊ ၁၂ ဘီးကုန်တင် ယာဥ် ၃ စီးနှင့် Alphard အများစုအပါ ကားမျိုးစုံ ၅၃ စီးတို့ကို တင်ဆောင်လာသည့် ကုန်များနှင့်အတူ ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
#MeKongNews
#အင်တောစခန်းမှူး
#ရပ်စောက်
#ဖမ်းမိပစ္စည်း
#ရောင်းစား








