မဲခေါင်၊ နိုဝင်ဘာ ၂၈
တတိယ ကမ္ဘာစစ်ဖြစ်သွားနိုင်လောက်သည်အထိ အန္တရာယ်ရှိသော စိန်ခေါ်စကားသံအဖြစ် ထိုင်ဝမ် သမ္မတ လိုင်ချင်းတီသည် တရုတ်ကျူးကျော်လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ် အရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံ သုံးစွဲသွားမည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
လိုင်ချင်းတီက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မိမိတို့ ထိုင်ဝမ်းကျွန်းအား ကျူးကျော်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်မှုအသုံးစားရိတ်များ မြှင့်တင်နေသည်ကို တွေ့ရှိရကြောင်းနှင့် တင်းမာမူများသည် ရေဆူမှတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ခန့်မှန်းထားသလို ၂၀၂၇ ခုနှစ်တွင် တရုတ်မှ ကျူးကျော် လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ်ရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံအထိ သုံးစွဲပြင်ဆင်မည်ဟုဆိုကာ လက်တွေ့ စစ်ရေးလေ့ကျင့်မှုများကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်နေခဲ့သည်။
တရုတ်သည် ထိုင်ဝမ်အား မိမိတို့အပိုင်နယ်မြေအဖြစ် ထာ၀ရသတ်မှတ်ထားပြီး အချိန်မရွေး ကျူးကျော်သိမ်းပိုက်နိုင်ကြောင်း သမ္မတရှီကျင့်ဖျင်ကိုယ်တိုင် ဖွင့်ပြောထားကာ မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်တပ်အင်အားများစွာဖြင့် ကမ်းတက်တိုက်ပွဲအသွင် ဝတ်စုံပြည့် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။
ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြောစဉ် ထိုင်ဝမ်သည် မိမိတို့နှင့်တစ်နိုင်ငံတည်း (one country) ဖြစ်ကော မတူညီသော စနစ် ၂ မျိုး two systems) ဖြင့်ကျင့်သုံးကာ အုပ်ချုပ်လိုသည်ဟု ပြောဆိုခဲ့သေးသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိုင်ဝမ်အား အမေရိကန်အစိုးရအဆက်ဆက် စစ်ရေး ထောက်ပံ့မှုများ အဓိကပေးခဲ့ခြင်းမှာ ရပ်ဆိုင်းသွားနိုင်ပြီး ကိုယ်တိုင် ကိုယ့်စစ်အင်အားကို ဖြည့်ရမည် ဟု သတိပေးပြောဆိုထားသဖြင့် လိုင်ချင်းတီက “အန္တိမ ရည်မှန်းချက်ကတော့ ဒိုမိုကရေစီစနစ်နဲ့ ထိုင်ဝမ်နိုင်ငံကို ထာ၀ရ ကာကွယ်သွားနိုင်ရေးပါ။ ပေကျင်းအစိုးရဟာ မကြာသေးမီကာလတွေမှာ ဒီမိုကရေစီနည်းနဲ့ သီးခြားရပ်တည်နေတဲ့ ထိုင်ဝမ်ကို တရုတ်-ထိုင်ဝမ်ဖြစ်စေဖို့ ဖိအားပေးနေခဲ့တယ်။ ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်။ ဒါကြောင့် စစ်ရေး အသုံး စားရိတ်မြှင့်တင်ပြီး ၂ နှစ်အတွင်း ကာကွယ်ရေးလုပ်ငန်းစဉ်အတွက် ငွေသုံးသွားမှာပါ” ဟုပြောသွားခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်အား ဆက်လက်ထောက်ပံ့ရန် မရေရာသော စကားမျိုး ဒေါ်နယ်ထရမ့်မှ ပြောနေခဲ့သော်လည်း မကြာသေးမီကပင် ထရမ့်သည် ထိုင်ဝမ်အား လက်နက်များဝယ်ယူနိုင်ရေး ဒေါ်လာ သန်း ၃၀၀ တန် သဘောတူစာချုပ် ချုပ်ဆိုအတည်ပြုပေးခဲ့သည်။
လက်ရှိတွင် ထိုင်ဝမ်သည် စုစုပေါင်း ပြည်တွင်းထုတ်ကုန်ဝင်ငွေ GDP ၏ ၃ ရာခိုင်နှုန်းကိုသာ စစ်ရေးအသုံးစားရိတ်အဖြစ် သုံးနေသော်လည်း လာမည့်နှစ်မစတင်ပြီး ၃ ရာခိုင်နှုန်းကျော်စသုံးကာ ၂၀၃၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းအထိ သုံးစွဲရန် သမ္မတ လိုင်ချင်းတီက လျာထားကြောင်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်ဝမ်
#တရုတ်နိုင်ငံ
#စစ်အသုံးစရိတ်
#ရှီကျင်းဖျင်








