မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် – PNO က နယ်မြေလုံခြုံရေး အတွက်ဆိုကာ တစ်အိမ် ၅ သောင်းကျပ် ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းငွေကို PNO မှတစ်ဆင့် ဆယ်အိမ်ခေါင်းများက ကောက်ခံပေးနေပြီး တချို့လတွင် နှစ်ကြိမ် ကောက်ခံသည်လည်း ရှိကြောင်း စံဖူးရွာခံတစ်ဦးက ပြောသည်။
“ဆယ်အိမ်ခေါင်းကို တစ်ရွာ ၁၀ယောက် ရွေးတယ်။ ပြီးရင် ရွာက ဘုန်းကြီးကျောင်းမှာ အစည်းအဝေးခေါ် ပြီး ကောက်မယ်ဆိုတာမျိုး ဆွေးနွေးကြတယ်။ တစ်ခါတလေ တစ်လ ၂ ခါ ကောက်တာလည်းရှိတယ်။ တစ်လ ၅ သောင်းကတော့ အမြဲပေးရတယ်။ နယ်မြေလုံခြုံရေးအရ ဒီစစ်မူထမ်းပေးတဲ့ သူကို ပိုက်ဆံပေးပြီး သွားခိုင်းတော့ အဲဒါဖိုးတွေဆိုပြီး ကောက်တယ်”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
မဲနယ်တောင်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး ၂၀၂၄ ခုနှစ်ကတည်းက ငွေစတင်ကောက်ခံခဲ့ပြီး ယနေ့ထိ လစဉ် ကောက်ခံနေသောကြောင့် အချိန်ကြာလာသည် နှင့်အမျှ ဝန်ထုပ်ဝန်ပိုးနှင့် အခက်ခဲဖြစ်လာကြောင်း ဒေသခံများက ပြောသည်။
“အခုဆိုရင် ကုန်ဈေးနှုန်း တက်တာတစ်ဖက်၊ စစ်ပြေးရတာတစ်ဖက် သဘာဝဘေးကတစ်ဖက် နာလန်ထူနေတုန်းမှာ လစဥ် သူတို့ကို ပေးနေရတာက တော်တော် အခက်အခဲဖြစ်စေတယ်။ သဘာဝဘေးတုန်းကလည်း ခြံတွေပျက်စီးတော့ ဝင်ငွေတွေ မရှိတဲ့ကြားထဲက သူတို့ကို ပေးနေရတာ အခု လူငယ်တွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြလို့သာ ပြန်လည် ရပ်တည်နိုင်သွားတာ အဲဒါမဟုတ်ရင် တော်ရုံနဲ့ဆို အဆင်မပြေဘူး”ဟု နမ့်ဟူးရွာခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် မဲနယ်တောင်ဒေသ စံဖူးရွာ၊ လုဲင်းလောင်းရွာ၊ ပင်လျမ်၊ တလျနွိုး၊ ဘန်းကွန်၊ ဘန်းစောက်၊ ယုတ်ပေ၊ ကျောက္ကချား၊ နမ့်ဟူး စသည့် ကျေးရွာတို့တွင် ကောက်ခံနေကြောင်းသိရသည်။
PNO သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်း၊ လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း၊ ဒေသခံများကို ဖမ်းဆီးပြီး ငွေညစ်ခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#မဲနယ်တောင်
#ဟိုပုံး
#PNO #ဆက်ကြေးကောက်








