မဲခေါင်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်သားအားလုံး ရှမ်းပြည်ကို ကာကွယ်ကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကပြောသည်။
သမိုင်းနှင့်အမိမြေတိုင်းပြည်ကို မြတ်နိုးပြီး အိမ်ယာပစ္စည်းဥစ္စာများ၊ လယ်ယာခြံမြေများကို ထိန်းသိမ်းခြင်းအားဖြင့် ရှမ်းပြည်ကို ကာကွယ်ကြရန် ၂၁၂၀ နှစ်ပြည့် ရှမ်းနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာအတွင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။
“မည်သည့်အခါမှ မပြောင်းလဲနိုင်၊ မရွေ့ပြောင်းနိုင်တာက အမိတိုင်းပြည် ရဲ့နယ်မြေပဲဖြစ်ပါတယ်။ မိမိတို့ရှမ်းပြည်ဟာဘုရင်များ၊ စော်ဘွားများက အဆက်ဆက် အုပ်စိုးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ရှမ်းပြည်ဟာ ရှမ်းပြည်သား အားလုံးကပိုင်ဆိုင်တဲ့တိုင်းပြည်ဖြစ်ပါတယ်။ ထို့ကြောင့် ရှမ်းပြည်သားအားလုံး အနေနဲ့ အနာဂတ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ တိုင်းပြည်ဖြစ်ဖို့အတွက် အမိမြေ ရှမ်းပြည်ကို စုပေါင်း ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်ကပြောသည်။
ရှမ်းပြည်သားများ ရှမ်းလူမျိုးများအနေဖြင့် ရှမ်းပြည်ကို မကာကွယ်ပါက ရှမ်းပြည်သည် လူမျိုးခြားတို့၏ အပိုင်ဖြစ်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်သွားပါက ရှမ်းပြည်သားများသည် မျက်နှာသူငယ်ဖြင့် အခြားတိုင်းပြည်ထံတွင် ခိုလှုံနေထိုင်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်ကပြောသည်။
ထို့အပြင် ရှမ်းပြည်သားများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်အမိမြေကို ကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်းရှိသကဲ့သို့ ပြည်ထောင်စုကိုလည်း အုပ်ချုပ်နိုင်တဲ့အခွင့်အရေးရှိသည်ဟုလည်း ၎င်းင်ကပြောသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAကလည်း ရှမ်းနှင့်တအာင်းလူမျိုးများကြား ယခင်က ရှိခဲ့ဖူးတဲ့ သံသယတွေ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ပြီး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်ဟု ရှမ်းနှစ်သစ်ကူးသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြသည်။
ရှမ်းပြည်တွင် RCSS ၊ SSPP၊ KIO၊ PSLF၊ MNDAA၊ UWSA စသည့် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ တည်ရှိလှုပ်ရှားသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များလည်း အများအပြား ရှိသည်။
#MeKongNews
#ရှမ်းပြည်
#ရှမ်းနှစ်သစ်ကူးနေ့
#ဗိုလ်ချုပ်ကြီးယွက်စစ်
#ပြည်သူ့စစ်








