မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၌ နိုဝင်ဘာ ၁ ရက်မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်အတွင်း ပြည်သူ ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့အား တော်လှန်ရေးအဖွဲ့နှင့် ပက်သက်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးပြီးနောက် ယနေ့အထိ အဆက်သွယ်မရသေးကြောင်း သိရသည်။
“စစ်တပ်က ဘယ်ကို ဖမ်းသွားတယ်ဆိုတာ မသိရဘူး။ ရွာလူကြီးတွေကို စုံစမ်းခိုင်းပေမယ့် သတင်းတောင်မရပါဘူး။ အမျိုးသမီးလည်း တစ်ဦးပါတော့ ပိုပြီးစိတ်ပူရတယ်။ အကုန်လုံးက အသက် ၂၀ ကနေ ၃၅ အတွင်းရှိတဲ့ လူငယ်တွေဖြစ်တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ကထိကျေးရွာမှ အမျိုးသား ၃ ဦး၊ သိမ်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ပဲရင်းတောင်ကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦး၊ နွားဘန်းကြီးကျေးရွာမှ အမျိုးသား ၂ ဦး၊ ငါးဆူကျေးရွာမှ အမျိုးသား ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီက လူငယ်များကို ဆက်တိုက် ဖမ်းဆီးနေခြင်းကြောင့် ရွာသားတချို့မှာ နေအိမ်တွင်မနေရဲဘဲ တောတောင်နှင့် ခြံများထဲသို့ သွားရောက် တိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် ရိက္ခာသယ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကားကို ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် ရွာငံမြို့နယ်၊ ကျေးရွာများတွင် စစ်ကောင်စီက နေ့စဉ် ကင်းလှည့်နေသကဲ့သို့ ကျေးရွာတချို့တွင်လည်း လာရောက်တပ်စွဲနေသဖြင့် ရွာခံများက ၎င်းတို့ လုံခြုံရေးကို အထူးစိုးရိမ်နေကြကြောင်း သိရသည်။
#MeKongNews
#ရွာငံ
#စစ်ကောင်စီ
#ပြည်သူ
#ရိုက်နှက်ဖမ်းဆီး








