မဲခေါင်၊ နိုဝင်ဘာ ၅
ရာအိမ်မှူးက ၎င်း၏ ဆွေမျိုးသားချင်းများကိုသာ အကူအညီစာရင်း ထည့်သွင်းပေးသည့််အတွက် ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသရှိ နန်းသဲအုပ်စု၊ မြောင်းဝကြီးကျေးရွာမှ အိမ်၂၂ လုံးမှာ ငလျင်ဒဏ်ခံရသော်လည်း မည်သည့် အထောက်အပံ့မျှ မရကြောင်း ရွာခံပြည်သူများက မဲခေါင်သို့ ပြောသည်။
မြောင်းဝကြီးကျေးရွာတွင် ငလျင်ဒဏ်သင့် အိမ်စုစုပေါင်း ၈၆ အိမ်ရှိသည့်အနက် ၆၄ အိမ်ကိုသာ အုပ်ချုပ်ရေးပိုင်းမှ ထောက်ပံ့ကြေးပေးခဲ့ပြီး ကျန်၂၂ အိမ်မှာ ယခုအချိန်အထိ မည့်သည့်ထောက်ပံ့ကြေးမျှ ရရှိခဲ့ခြင်း မရှိသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း မြောင်းဝကြီးရွာသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“ရာအိမ်မှူးက သူ့အမျိုးအဆွေတွေကိုပဲ လာသမျှ၊ ရသမျှ အကူအညီတွေ ပေးနေတာ။ ရာအိမ်မှူးကတော့ အိမ်မရှိတဲ့သူကိုတောင် အိမ်မရှိဘဲ ထောက်ပံ့ကြေး ရယူပေးထားတာ၊ မရလို့သွားပြောတော့လည်း တိုင်ချင်ရာတိုင်လို့ ရန်စကားပြန်ပြောတယ်။ လူကြီးတွေက ခေါ်ယူညှိနှိုင်းပေးပေမယ့် လုပ်မပေးဘူး။ အမှန်တကယ်ပျက်စီးနေလို့ အထောက်အပံ့ လိုအပ်နေတာပါ” ဟု ၎င်းက ပြောသည်။
မြောင်းဝကြီးရွာ၏ ရာအိမ်မှူးမှာ ဦးစိုးနိုင်(ခေါ်) ဦးအောင်မြင့်ဦးဖြစ်ပြီး ၎င်းနှင့်အတူ ဆယ်အိမ်မှူးများကလည်း အလိုတူအလိုပါများဖြစ်ကြောင်း အထောက်အပံ့မရသူများက စွပ်စွဲထားသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် အင်းလေးဒေသတွင် လူအယောက် ၄၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ထောင်ကျော် ပျက်စီးခဲ့ရသည်။
ယင်းထိခိုက်ပျက်စီးမှုများအတွက် အလှူရှင်များက လှူဒါန်းမှုများလည်း ရှိခဲ့သလို စစ်ကောင်စီဖွဲ့စည်းထားသည့် ရှမ်းပြည်အစိုးရမှလည်း ငလျင်ကြောင့် ပျက်စီသွားသည့် သစ်သား ၂ ထပ်အိမ်တစ်လုံးလျင် ကျပ်သိန်း ၁၈၀၊ ခြေတံရှည်သစ်သားအိမ် တစ်လုံးလျင် ကျပ်သိန်း ၁၀၀ နှင့် ဝါးအိမ်တစ်လုံးလျင် ကျပ်သိန်း ၂၀ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထောက်ပံ့ပေးခဲ့သည်။
ယင်းထောက်ပံ့မှုအပေါ် ဒေသအုပ်ချုပ်ရေးပိုင်းဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မမှန်မကန်ပြုလုပ်သည့်အတွက် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသူအချို့ ထောက်ပံ့ကြေးမရခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။
အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တင်ပြသည့် စာရင်းထဲတွင် အမှန်တကယ်ပျက်စီးသွားသည့် နေအိမ်အချို့ ပါဝင်ခြင်း မရှိသလို ပျက်စီးခြင်းမရှိသညည့် နေအိမ်များကိုလည်း စာရင်းပြထားကြောင်း ဒေသခံများက ပြောသည်။
အလားတူဖြစ်ရပ်များမှာ အိုင်ကြီးထောင့်၊ နန်းပန် တို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးအတွင်း အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာ ၂၃ ရွာမှ အိမ်ခြေ ၃၈၅၀ ထိခိုက်ပျက်စီးခဲ့ရပြီး ယင်းထဲတွင် နန်းပန်၊ ပေါက်ပါးရွာမှ အိမ်ခြေ ၂၂၀ ၊ အိုင်ထောင့်ကြီးရွာမှ အိမ်ခြေ ၂၅၀ နှင့် ဟဲယာရွာမကျေးရွာမှ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိ အိမ်ခြေ ၃၂၅ အိမ် ပါဝင်ကြောင်း Hand to Hand Charity Myanmar အဖွဲ့မှ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#မြောင်းဝကြီးကျေးရွာ
#အထောက်အပံ့
#ရာအိမ်မှူး
Photo Credit – TerraMyanmar
ပုံအညွှန်း – အင်းလေး၊ မြောင်းဝကြီးရွာကို ငလျင်မလှုပ်မီနှင့် လှုပ်ပြီး ဂြိုလ်တုမြေပုံမှ တွေ့ရစဉ်








