မဲခေါင်၊ နိုဝင်ဘာ ၁
ရိက္ခာသယ်ပြီးပြန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြောက်ကျားနည်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ဦး သေ၊ တစ်ဦးဒဏ်ရာ အပြင်းအထန်ရကာ သေနတ်တစ်လက်ရရှိကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ယနေ့သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၃၀ရက်၊ နေ့လယ် ၂နာရီခန့်က ရွာငံမြို့၏ အနောက်တောင်ဘက် ၆မိုင်ခန့်အကွာရှိ ရနဲရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး DSNDA ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“စကမတွေနဲ့ မြင်းကျဒိုးက ပျူခေါင်းဆောင်ဝင်းမြင့်ရဲ့ တပည့်တွေပါတယ်။ အင်အား ၂၀လောက်ရှိမယ်။ တိုက်ပွဲပြီးတော့ ရွာတွေဘက်က လက်နက်ကြီးတွေ လျှောက်ပစ်သေးတယ်။ ဒီနေ့တော့ မင်းပလောင်ရွာက တောထဲမပုန်းနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းသူ၊ ကလေးသူငယ်တစ်ရာလောက်ကို ရွာက လာခေါ်သွားတယ်။ လူသားဒိုင်းလုပ်ဖို့လားမသိဘူး” ဟု DSNDA တပ်တာဝန်ခံက မဲခေါင်သို့ ပြောသည်။
တိုက်ပွဲမှ သိမ်းဆည်းရမိသည့် သေနတ်အမျိုးအစားမှာ MA 1 ဖြစ်ပြီး ကျည်၁၈တောင့်နှင့် ကျည်ကပ် တစ်ကပ်ပါဝင်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် တိုင်းပြည်၏ အခြားဒေသအသီးသီးမှာ တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့များအတွက် စစ်မြေပြင်တစ်ခုအနေဖြင့် ဓနုဒေသအတွက် ရိက္ခာမှအစ လက်နက်ခဲယမ်းအစစအရာရာ လိုအပ်နေသည့်ကြားမှ တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်ကြောင်း DSNDA က ပြောသည်။
လက်ရှိရွာငံနယ်တွင် မင်းပလောင်ရွာ၊ ရနဲရွာ စသည့်ရွာများ၌ စစ်တပ်က ဖြန့်ခွဲတပ်စွဲနေပြီး ရွာဒေသခံများကိုအသွားအလာ ထိန်းချုပ်ထားကြောင်း သိရသည်။
#MeKongNews
#ရွာငံ
#ဓနုဒေသ
#DSNDA
#ရနဲရွာ








