မဲခေါင်၊ အောက်တိုဘာ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ရှိ သစ်တောဦးစီးရုံးမှ တောအုပ်ကြီးဦးစန်းလွင်သည် သားမက်ဖြစ်သူအား ခရီးသည်တင်ယာဉ်များဖြင့် ပရိဘောဂ တင်ဆောင်လာပါက တရားမဝင်ငွေတောင်းခိုင်းနေသလို ဒေသတွင်း အသက်မွေးဝမ်းကျောင်းဖြစ်သည့် မီးသွေးဖုတ်လုပ်ငန်းများကိုလည်း တရားဝင်လုပ်ခွင့်မပြုဘဲ တရားမဝင်သာ ငွေတောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့
လာသည်။
ပရိဘောဂတင်လာသည့်ခရီးသည် ကားတစ်စီးလျှင်ကျပ်တစ်သိန်းမှ တစ်သိန်းခွဲ အထိတောင်းခံနေပြီး မပေးပါက ဖမ်းဆီးကြောင်း ဒေသခံများက ပြောသည်။
မိုင်းပျဉ်မြို့နယ်၊ ဖါဝေကျေးရွာနှင့် ခိုနားကျောင်းကျေးရွာမှ ဒေသခံများသည် အသက်မွေးဝမ်းကျောင်းအဖြစ် မီးသွေးဖုတ်ခြင်းလုပ်ကိုင်နေကြရာ တရားဝင်လိုင်စင် လျှောက်ထားသော်လဲမရဘဲ မီးသွေးအခွန်ငွေအဖြစ် လုပ်ကိုင်သူတစ်ဦးလျှင်၂သိန်းကျပ် ပေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာသားတွေက တရားဝင် လုပ်ချင်တာ အခုကမီးသွေးဖိုးအခွန်ပေးပြီးလည်း တရားမဝင်ဆိုပြိးဖမ်းဆီးနေလို့ပါ”ဟု ၎င်းကပြောသည်။
၎င်းအပြင် သစ်တောရုံးအနေဖြင့် ၂၀၂၄ခုနှစ်က တရားဝင်ဖမ်းဆီးထားသောသစ်များထဲမှ ကျွန်းသစ်အပြားကြီး ၄ချပ်ကိုလည်း ကျိုင်းတုံမြို့သစ်စက်တစ်ခုသို့ ပို့ဆောင်ရောင်းစားခဲ့ကြောင်း သိရသည်။
ယင်းတောအုပ်ကြီးသည် Hilux surf ကား တစ်စီး၊ Alphard ကားတစ်စီးအပါအဝင် ကားများစွာ ဝယ်ယူထားပြီး ဖြူးမြို့တွင်မြေကွက်များစွာဝယ်ယူထားရှိနေပြီဟု ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းပန်နှင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ဘက်မှ တရားမဝင်သယ်ဆောင်သည့် တရားမဝင် သစ်မှောင်ခိုလမ်းကြောင်းများမှာ မိုင်းပျဥ်းမြို့နယ်မှ ဖြတ်သန်းသယ်ဆောင်နေကြကြောင်း သစ်မှောင်ခိုစျေးကွက်မှ သတင်းရရှိသည်။
#MeKongNews
#မိုင်းပျဉ်းမြို့နယ်
#သစ်တောဦးစီးဌာန
#တောအုပ်ကြီး
#မီးသွေးလုပ်ငန်း
#ပရိဘောဂ








