မဲခေါင်၊ စက်တင်ဘာ ၂၄
ဆိုင်ကယ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်တွင် အဝေးသင်တက္ကသိုလ် လာရောက်ဖြေဆိုနေကြသည့် ကျောင်းသူ ၂ ဦး စီးလာသည့် ဆိုင်ကယ်ကို အုပ်စုဖြင့် အကြမ်းဖက်လုယက်ခံကြရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က အဝေးသင်တက္ကသိုလ် ကျောင်းသူ ၂ ဦး နည်းပညာတက္ကသိုလ်ဘက်သို့ ဆိုင်ကယ်စီးလာစဥ် ယင်းတက္ကသိုလ်အနီးမရောက်မီ နှင်းဆီခင်းခြံရှေ့တွင် အမျိုးသား ၄ ယောက်မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်လာ၍ ကျောင်းသူများ၏ ဆိုင်ကယ်ကို အကြမ်းဖက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း အလုခံရသူ ကျောင်းသူများနှင့်နီးစပ်သူက မဲခေါင်သို့ ပြောသည်။
“ဆိုင်ကယ်ကို အကြမ်းပတမ်းလုတာ၊ ဓားတွေနဲ့၊ အသက်က ၁၈ /၂၀ ဝန်းကျင်တွေ။ မိန်းကလေး ၂ ယောက်ထဲမို့ အနီးနားက လူတွေကို အော်ခေါ်အကြောင်းကြားပါတယ်။ နှင်းဆီခင်းအိမ်က လွဲပြီး တခြားအိမ်နဲ့ အလှမ်းဝေးပါတယ်။ ပန်းခြံမှာလည်း လူရှိရဲ့သားနဲ့ အော်နေတာ တချက်လေးထွက်ကြည့်ပြီး မဆိုင်သလို နေကြတယ်။ ပြေးနိုင်လို့ လွတ်လာတာ” ဟု ၎င်းက ပြောသည်။
နယ်ဝေးကဖြစ်ပြီး ယင်းအမှုများ မည်သည့်အခါကမျှ ဖမ်းမိသည်မကြားသဖြင့် အမှုမဖွင့်တော့ဟု ပြောသည်။
အခင်းဖြစ်ပြီးနောက် အဝေးသင် ကျောင်းလာသူများမှာ ပါလာသည့်ဆိုင်ကယ်များ မစီးရဲကြတော့ဘဲ ကားများသာ စီးလာကြသလို ဆိုင်ကယ်ကိုလည်း ယောက်ျားလေး ၂ ဦးပါမှ စီးရဲကြတော့သည်ဟု ကျောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“အဲ့ဖက် ကျောင်းသွားတဲ့သူတွေအတွက် မတွေးရဲစရာ၊ အဖွဲ့လိုက်အုပ်စုဖွဲ့ပြီး သွားမှရမှာ။ ခုချိန်ဆို အဝေးသင် ကျောင်းတက်တဲ့သူတွေကို ပစ်မှတ်ထားမယ်ထင်တယ်။ အဲဒီလမ်းရောက်ရင် အသားကုန် မောင်းပြေးနေရတယ်။ ကောင်းကံဘက်က ဘုန်းကြီး မီးသဂြိုလ်တဲ့ဘက်နဲ့ ဆင် ၂ ကောင်ဘက်သွားတဲ့ လမ်းဆို ဆိုင်ကယ်ဖြတ်သွားရင် ရိုက်ခံရဖို့ သေချာတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀၊ ၂၁ ရက်များကလည်း ကျိုင်းတုံလေယာဥ်ကွင်း တံတားထိပ်နှင့် မိုင်းဇင်းရွာဘက်တွင် ဓားဖြင့် ခုတ်၍ ဆိုင်ကယ်လုယက်သဖြင့် အလုခံကြရသူများ ပြင်းထန်ဒဏ်ရများရရှိခဲ့ကြပြီး ဆေးကုသခံနေရဆဲဖြစ်သည်။
ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လုယက်မှုများအား သေနတ်ကိုင်၊ ဓားကိုင်ဆောင်သူများမှ ရိုးရိုးလုယက်ခြင်းမရှိဘဲ လူ့အသက်ကိုပါ ရန်ပြုလုယက်နေကြခြင်းဖြစ်သဖြင့် ဒေသခံပြည်သူအများ အထူးသတိထားသွားလာနိုင်ကြရန် အချင်းချင်း သတိပေးလျက်ရှိနေပြီး ကျိုင်းတုံမြို့ရှိ ရဲများကို အားမကိုးရသဖြင့် မိမိတို့ဘာသာ အထူးသတိပြုကြရန် တိုက်တွန်းနေကြရသည့် အန္တရာယ်ဒုစရိုက်မြို့ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုလျက်ရှိကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#အဝေးသင်ကျောင်းသူ
#ဆိုင်ကယ်လုယက်မှု
#မှုခင်းဖြစ်ရပ်








