မဲခေါင်၊ စက်တင်ဘာ ၂၃
အီတလီအစိုးရသည် အစ္စရေးဘက်မှရည်တည်သော မဟာမိတ်အဖြစ် ဆက်လက်ရှိနေသည်ကို မကျေနပ်သော ပါလက်စတိုင်းထောက်ခံသူများ စက်တင်ဘာ ၂၂ ရက်၌ အုံကြွဆန္ဒပြမှုကြီး မီလန်မြို့ ပေါ်တွင် ဖြစ်ပွားခဲ့ရာ အဓိကရုဏ်နှိမ်နင်းရေး ရဲ ၆၀ ဒဏ်ရာရခဲ့သည်။
မီလန်မြို့မှ အထင်ကရ ဗဟိုဘူတာရုံကြီးသို့ ပါလက်စတိုင်းထောက်ခံသူများ စုဝေးချီတက်လာပြီး သံလှေကားများ၊ တုတ်များဖြင့် မှန်ပြတင်များကို ရိုက်ခွဲဖျက်ဆီးခြင်း၊ ဦးဆောင်များ၊ ဒိုင်းများဖြင့် တားဆီးကာရံထားသည့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ ဝင်တိုးတိုက်ခိုက်ခြင်းများကြောင့် အကြမ်းဖက်အဓိကရုဏ်ဆန်ခဲ့သည်။
လေထဲတွင် မျက်ရည်ယိုဗုံးငွေများပျံ့နှံ့နေသဖြင့် ဆန္ဒပြလူအုပ်ကြီးအား တားဆီးရန် လုံခြုံရေးတပ်များ မစွမ်းသာခဲ့ဘဲ လမ်းပေါ်မှ ရန်ပွဲများသဖွယ် အသွင်ပြောင်းကာ ဥရောပ၌ လူအစည်ဆုံး ဘူတာရုံကြီး တွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသည်။
ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦး ဖမ်းဆီးခံရသည်ဟုလည်း ဆိုသည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ယခုလို အကြမ်းဖက်ကြခြင်းဖြင့် ဂါဇာမှ လူသားများဘ၀ ကို ပြောင်းလဲပေးနိုင်စွမ်းလုံး၀မရှိကြောင်း၊ အီတလီနိုင်ငံသားများသည်သာ ကျောင်းများပိတ်ရခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဟန့်အတားဖြစ်ရခြင်း၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းရခြင်းဖြင့် နစ်နာစေကြောင်း ကန့်ကွက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပါလက်စတိုင်းထောက်ခံ ဆန္ဒပြမှုများသည် မီလန်တွင်သာမက တူရင်မှသည် ပါလာမိုအထိ လမ်းများပေါ်တွင် ထောင်ချီဆန္ဒပြမှုများ နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်းဖြစ်ကာ ရောမမြို့ရှိ တာမီနီဘူတာရုံအပြင်တွင်လည်း ပါလက်စတိုင်းထောက်ခံ ဆန္ဒပြသူ၃၀၀၀ ကျော် ပါဝင်ခဲ့သဖြင့် ရထား ခရီးစဉ်များ ၁ နာရီကျော် နောက်ကျခဲ့ရသည်။ နေပယ်တွင်လည်း ရထားလမ်းများပိတ်ဆို့ ဆန္ဒပြမှုရှိခဲ့သလို ပီဆာ၊ ဖလောရန့်စ်တို့တွင်လည်း အဓိကမိန်းလမ်းမကြီးများ ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။
ဂျီနိုအာ၊ လီဗော်နို၊ ထရီယက်စတီ၊ ဗင်းနစ်မြို့များတွင်လည်း ဆိပ်ကမ်းအလုပ်သမားများ အုံကြွဆန္ဒပြ မှုကို ရေအမြောက်များဖြင့် ပစ်ကာ လုံခြုံရေးတပ်ဖွဲ့က လူစုခွဲရန် ကြိုးစားခဲ့ရသည်။ ဂျီနိုအာရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆိပ်ကမ်းအလုပ်သမားများအဖွဲ့ ဦးဆောင်သူ ရစ်ကီဆိုသူက ပါလက်စတိုင်းပြည်သူများ ပေးသော သင်ခန်းစာအရ မိမိတို့လည်း အရှုံးမပေးဘဲ ကိုယ်နိုင်ရာတာဝန်ထမ်းကြမည်ဟု ဟောပြော ခဲ့သည်။
မီလန်တွင် အစ္စရေးအလံများ မီးရှို့ဖျက်ဆီးခြင်း၊ ပါလက်စတိုင်းအလံများလွှင်ထူခြင်း၊ အမေရိကန်၊ အီးယူနှင့် နေတိုးအလံများ မီးရှို့ခြင်းများဖြင့် ဂါဇာအရေးသည် အီတလီနိုင်ငံလုံးအတိုင်း အတာဖြင့် ဆူပွက်လာခဲ့ပြီဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီတလီ
#ပါလက်စတိုင်း
#အဓိကရုဏ်း
#အစ္စရေး








