– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
တောင်တရုတ်ပင်လယ်တွင် နောက်ထပ် လေဖိအားနည်းရပ်ဝန်း/အပူပိုင်းမုန်တိုင်း(Depression or Tropical Storm)တခုဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွေ့ရှိလာနေရသော်လည်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မှု မရှိဟု သိရသည်။
အဆိုပါ မုန်တိုင်းဆက်လက်ရွေ့လျားဝင်ရောက်နိုင်သည့် လမ်းကြောင်းသည် တရုတ်ပြည်မဘက်ကိုသာ သက်ရောက်မှုရှိနိုင်ပြီး ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံများကို သက်ရောက်မှု မရှိနိုင်ပေ။
သို့သော်လည်း မုတ်သုံလေ ပြန်ဆုတ်ခွာမှုကြောင့် လာမည့် တစ်ပါတ်တာကာလအတွင်း ရှမ်းပြည်တဝှမ်းတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် အနောက်တောင်မုတ်သုံလေ အားကောင်းလာပါသည်။-
– မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများ ဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စက်တင်ဘာလ ၈ ရက် မှ ၁၆ ရက်အထိ မုတ်သုံမိုးရွာသွန်းခြင်း ပိုလာနိုင်ပါသည်။
– မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများ ဖြစ်သည့် ရှမ်းပြည်နှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် စက်တင်ဘာ ၁၄/၁၅/၁၆ ရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း(၂၄ နာရီ မိုးရေချိန် ၁.၅ လက်မခန့် ရွာသွန်းရရှိနိုင်ကြောင်း)တွေ့ရသည်။
– မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ဒေသများတွင် နောက်လာမည့် ၁၄ ရက်အတွင်း ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့် အောက်(မိုးအနည်းငယ်)သာ ရွာသွန်းနိုင်သည်။
– လာမည့် ရက်သတ္တပါတ် ၁၄ ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းကမ်းနီးပင်လယ်ပြင်များတွင် လှိုင်းအမြင့် ၄ ပေ မှ ၅ ပေ ခန့်အထိ ရှိနိုင်ပြီး၊ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိရှိနိုင်ပါသည်။
#MeKongNews
#weather
#ShanState
#မိုးလေဝသသတင်း
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်








