မဲခေါင်၊ ဩဂုတ် ၂၁
ရွှေနှင့် သတ္တု တူးဖော်မှုများကြောင့် ညစ်ညမ်းနေသည့် ရှမ်းပြည် အရှေ့ပိုင်းရှိ နမ့်ခုတ်မြစ် ရေအရည်အသွေးနှင့် ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရမည့် အခြေအနေကို မြန်မာနှင့် ထိုင်းတို့ကြား တွေ့ဆုံဆွေးနွေး ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆက်မြို့နယ်အတွင်းရှိ တရုတ်ရွှေမိုင်းများကြောင့် နမ့်ခုတ်မြစ်ရေသည် အာဆင်းနစ်ပမာဏ ၂ ဆ ပိုများပြားနေပြီး ယင်းမြစ်ရေကို မသုံးစွဲကြရန် ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ပြီးခဲ့သည့် ဧပြီလက သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။
ထိုကြောင့် ထိုင်း-မြန်မာ ပူးပေါင်း၍ ရေအရည်အသွေး စီမံခန့်ခွဲရေးနှင့် လေ့လာစောင့်ကြည့်နိုင်ရေး၊ နှစ်နိုင်ငံကြား ရေအရည်အသွေး ညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွှက်မှုတို့ကို မြှင့်တင်ရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်လျက် ဩဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်သို့ လာရောက်ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အာဆင်းနစ် ဓာတ်များစွာ ပါဝင်သော ရေဆိုးများသည် နမ့်ခုတ်မြစ်မှတဆင့် မဲခေါင်မြစ်အတွင်းသို့ စီးဝင်နေမှုကြောင့် ငါးများပင် အနာဖြစ်ပွားနေကြရသည့်အထိ အခြေအနေရှိနေ၍ ထိုင်းပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့သည်။
ထိုင်းနိုင်ငံအနေနှင့် ရေအရင်းအမြစ် အရည်အသွေးနှင့်ပတ်သက်၍ အရေးကြီးကိစ္စအဖြစ် သက်မှတ်ဆောင်ရွက်ကာ ကာကွယ်ထိန်းသိမ်းနေသဖြင့် နမ့်ခုတ်မြစ်ရေနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းကာ ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်လိုကြောင်း ပြောဆိုထားသည်။
နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံပူးတွဲ၍ နမ့်ခုတ်မြစ်ရေ အရည်အသွေးကို ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ကာ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များကို အပြန်အလှန် ဖလှယ်ခြင်း၊ နည်းပညာပံပိုးခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်ကြရန် သဘောတူညီခဲ့ကြသည် ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဖေသန်း
#MeKongNews
#ရှမ်းအရှေ့
#စစ်ကော်မရှင်
#နမ့်ခုတ်မြစ်
#ရေအရည်အသွေး
#အာဆင်းနစ်ဓာတ်
Photo – Pollution Control Department/Thailand








