Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ ထံက သိရပါတယ်။
လက်ရှိ ကမ္ဘာ့ငွေကြေး လောကမှာ ခေတ်စားနေတဲ့ Forex Copy Trading & Bitcoin mining လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြထားတဲ့ Yagon Time Investment ကုမ္ပဏီဟာ ရုံးခန်း ဖွင့်လှစ်ထားတာ မရှိဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အွန်လိုင်းကနေ စည်းရုံးခဲ့တာကြောင့် အခုလို အလိမ်ခံရချိန်မှာ လိုက်လံ ဖြေရှင်းဖို့ မလွယ်ကူ ဖြစ်နေပါတယ်။
လက်ရှိ ကုမ္ပဏီ တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေး ရင်းနှီးမြှုပ်နှံသူများကို အမြတ်ငွေနဲ့ အရင်းငွေတွေ ပေးချေမှု မပြုတော့တဲ့ အပြင် အွန်လိုင်းကနေ မေးမြန်းမှုကို ပြန်မဖြေတော့ဘဲ ဖုန်းတွေပိတ်ကာ တိမ်းရှောင် နေတယ်လို့ သိရပါတယ်။
“သိန်းကိုရာချီ ပါသွားတဲ့ သူတွေက အများကြီးပါ။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ အေးဂျင့်တွေကအစ ဖုန်းမကိုင်တော့ဘူး။ ကျွန်တော် သိရသလောက်တင် သိန်း ၂ ထောင်ကျော်ပါတယ်။ အမြတ်ငွေရတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ အခုလည်း တောက်လျှောက် ဆက်သွယ်တာ မရဘဲ မီဒီယာမှာ သတင်းတွေ တက်လာမှ သတင်းတွေ ပြန်မဖြုတ်ပေးရင် မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ခြိမ်းခြောက်နေပါတယ်။ အရင်းပဲ ဖြစ်ဖြစ် ပြန်ရှင်းပေးစေချင်ပါတယ်” လို့ ငွေကြေး အလိမ်ခံရသူ တစ်ဦးက ပြောပါတယ်။
ယခု လိမ်လည်မှုတွင် အနည်းဆုံး လူပေါင်း ၅၀၀ ထံက ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်သွားတယ်လို့ ယုံကြည်ရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်နဲ့ တရားဝင် ငွေကြေးလုပ်ငန်းတွေ အပေါ် ယုံကြည်မှု မဲ့လာတဲ့ လူအများစုဟာ လစဉ် အမြတ်ငွေ ရာခိုင်နှုန်း အများအပြား ပေးမယ်လို့ စည်းရုံးတဲ့ ကုမ္ပဏီတွေမှာ ငွေကြေး ရင်းနှီးမြှုပ်နှံရာက လိမ်လည်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။