မဲခေါင်၊ ဇူလိုင် ၂၃
အမေရိကန်သမ္မတအဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ကုလသမဂ္ဂ ယဉ်ကျေးမှုနှင့် ပညာရေးအဖွဲ့အစည်း (UNESCO) မှ နုတ်ထွက်ခဲ့ကာ ဂျိုးဘိုင်ဒန်လက်အောက်တွင် ပြန်လည် အဖွဲ့ဝင်ခဲ့ခြင်းကို ယခု ဒုတိယသမ္မတသက်တမ်း၌ ဒေါ်နယ်ထရမ့်က ထပ်မံကာ အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ နုတ်ထွက်ကြောင်း ဇူလိုင် ၂၂ ရက်၌ အတည်ပြု ထုတ်ပြန်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ထူထောင်ခဲ့သည့် နိုင်ငံတကာငြိမ်းချမ်းရေးကို ကိုယ်စားပြုကာ ယဉ်ကျေးမှု၊ ပညာရေးနှင့် သိပ္ပံပညာရပ်နယ်ပယ်များတွင် ယူနက်စကို အသိအမှတ်ပြုထောက်ပံ့ခြင်းများ ပြုလုပ်နေခဲ့ခြင်းဖြစ်သော်လည်း အဆိုပါအဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် မူဝါဒများသည် အမေရိကန်နိုင်ငံ၏ မူဝါဒနှင့်မကိုက်ညီသလို နိုင်ငံ အကျိုးစီးပွားနှင့်လည်း မသက်ဆိုင်သောကြောင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။
ထရမ် ဒုတိယအကြိမ် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) တို့မှ နုတ်ထွက်ခဲ့ပြီး ယခုတစ်ဖန် ယူနက်စကိုမှ ထပ်မံနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် နိုင်ငံပေါင်း ၁၉၄ နိုင်ငံ အဖွဲ့ဝင် အဖြစ်ပါဝင်သော ယူနက်စကိုမှ နုတ်ထွက်သဖြင့် အဆိုပါအဖွဲ့အစည်းအတွက် ပေးနေသည့် ဘတ်ဂျက် ၈ ရာခိုင်နှုန်းလည်း ဆက်လက်ရရှိနိုင်တော့မည်မဟုတ်ပေ။
၁၉၈၃ ခုနှစ်က သမ္မတ ရော်နယ်ရေဂင် လက်ထက်တွင်လည်း အမေရိကန်သည် ယူနက်စကိုမှ တစ်ကြိမ်နှုတ်ထွက်ခဲ့ဖူးပြီး ယခုတစ်ကြိမ် ထရမ့် လက်ထက် နှုတ်ထွက်ခြင်းမှာ ပါလက်စတိုင်းဘက်မှ ရပ်တည်ပြီး အစ္စရေးကို ပြစ်တင်ရှုံ့ချခဲ့ခြင်းကြောင့် ဖြစ်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ကိုကလင်း
Ref: Metro
#ဒေါ်နယ်ထရမ့်
#ယူနက်စကို
#နှုတ်ထွက်
#အမေရိကန်








