မဲခေါင်၊ ဇူလိုင် ၂၂
ဇူလိုင် ၂၁ ရက်မှ စတင်ပြီး ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနှင့် ကွင်းစလန်ပြည်နယ်တို့ကို ဗဟိုပြုကာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး ရှေးရှုသော Talisman Sabre ပူးပေါင်း စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ရာ နိုင်ငံ ၁၉ နိုင်ငံပါဝင်ပြီး ဩစတြေးလျသမိုင်း၌ အကြီးမား ဆုံးသော သမိုင်းဝင် စစ်ရေးလေ့ကျင့်မှုကြီးဖြစ်လာခဲ့သည်။
Talisman Sabre ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ၂၀၀၅ ခုနစ်၌ အမေရိကန်နှင့်ဩစတြေးလျတို့ စတင် ပူးပေါင်းလေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်တစ်ကြိမ်ကျင်းပသည့် ယခုနှစ် လေ့ကျင့်မှု၌ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ နယ်သာလန်၊ တောင်ကိုရီးယားတို့လည်းပါဝင်ကာ နိုင်ငံပေါင်း ၁၉ နိုင်ငံ မှ ပူးပေါင်းပါဝင်ပြီး လက်တွေ့ ပစ်ခတ်လေ့ကျင့်မှုများပါ လုပ်ဆောင်ခဲ့သည်။
လေ့ကျင့်မှုများကို ဒါဝင်မှသည် ဘရစ္စဘိန်းအထိ အင်ဒို – ပစိဖိတ် သမုဒ္ဒရာအတွင်း ကျင်းပရာ အမေရိကန်မှ USS George Washington လေယာဉ်တင်သင်္ဘောကြီးနှင့်အတူ ယူကေမှ HMS Prince of Wales လေယာဉ်တင် သင်္ဘောနှင့်အခြားတိုက်သင်္ဘောများစွာလည်း ပူးပေါင်းပါဝင်အင်အားပြခဲ့သည်။
ယူကေမှ စစ်သည် ၃၀၀၀ နှင့်အတူ HMS Richmond၊ HMS Dauntless၊ RFA Fort Victoria နှင့် RFA Argus စစ်သင်္ဘောများပါ ပါဝင် လေ့ကျင့်သလို ကနေဒါ၊ နော်ဝေနှင့် ဩစတြေးလျမှ စစ်သင်္ဘောများ လည်း ပါဝင်သောကြောင့် အင်အားအကြီးမားဆုံးသော ရေတပ်မဟာမိတ်ရေယာဉ်စုကြီးတစ်ခုအဖြစ် အံ့မခန်း မြင်တွေ့ကြရသည်။
ဩစတြေးလျစစ်တပ်ကလည်း မကြာသေးမီက အမေရိကန်မှ ဝယ်ယူထားသော M142 High Mobility Artillery Rocket System (HIMARS) ဒုံးများကို ပထမဆုံးအကြိမ် လက်တွေ့ ပစ်ခတ် လေ့ကျင့်ခြင်းဖြင့် သမိုင်းတွင်သော စစ်ရေးလေ့ကျင့်မှုကြီးဖြစ်ကြောင်း၊ အင်ဒို -ပစိဖိတ်ဒေသအတွင်း ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးကို မဟာမိတ်အင်အားစုများ စုပေါင်းကာကွယ်စောင့်ရှောက် ရန် မဆုတ်မနစ် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မနက်ဖြန်ချက်ချင်းရောက်လာနိုင်သည့် စိန်ခေါ်မှုများ အတွက်ပင် အသင့်ဖြစ်နေသည့်အနေအထား ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဩစတြေးလျရေတပ် ဗိုလ်မှူးချုပ် နစ်ဝီလ်ဆင်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ဩစတြေးလျ၏ အမေရိကန်အပါ မဟာမိတ်များဖြင့် Talisman Sabre စစ်ရေးပူးပေါင်းလေ့ကျင့်မှု နောက်ဆုံး ၄ ကြိမ်စလုံးကို တရုတ်က မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ကာ ယခုတစ်ကြိမ်တွင်လည်း ထပ်မံစောင့်ကြည့်နေဦးမည်သာဖြစ်သည်ဟု ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ပတ်ကွန်ရွိင်းက လည်း ပြောဆိုခဲ့သည်။
လက်ရှိတွင် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နက်ဆီသည် တရုတ်နိုင်ငံသို့ ၆ ရက်တာ အလည်အပတ်ခရီးစဉ် စတင်ထွက်ခွာသွားပြီး ဇူလိုင် ၂၂ ရက်၌ တရုတ် သမ္မတရှီကျင်းဖျင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် စီစဉ်ထားရာ အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ဘက်မှ ဖိအားပေးမှုကို ခံရဖွယ်ရှိနေကြောင်းလည်း သုံးသပ်နေကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဩစတြေးလျ
#စစ်ရေးလေ့ကျင့်
#အမေရိကန်
#ကမ္ဘာ့ငြိမ်းချမ်းရေး








