မဲခေါင်၊ ဇူလိုင် ၂၂
တရုတ်အစိုးရပိုင် Global Times ၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ကြေညာချက်အရ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်၌ ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့မှုကြောင့် ၂ ဦးသေဆုံးကာ ၁၀ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ရှန်ဒေါင်းပြည်နယ် ဂျိနန်လိုင်ဝူခရိုင်တွင် အလွန်မိုးသည်းခဲ့ရာမှ အမြင့်ဆုံးမိုးရေချိန်သည် ၃၆၄ မီလီမီတာ (၁၄ . ၃၃ လက်မ) အထိ များပြားခဲ့သဖြင့် ဒါဝမ်ဖန်းမြို့နယ်မှ ရွာ ၂ ရွာ ရေနစ်မြုပ်သွား ခဲ့ရပြီးအိမ်ပေါင်း ၁၉ လုံးလည်း ပျက်ဆီးခဲ့ကာ သက်ဆိုင်ရာမှ ဘေးအန္တရာယ်လွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
လက်ရှိတွင် တရုတ်အစိုးရသည် ဇူလိုင် ၂၁ ရက်နေ့ကတည်းက ယခုနှစ်အတွင်း ၆ လုံးမြောက် ဝင်ရောက်လာသည့် တိုင်ဖွန်မုန်တိုင်း Wipha ကြောင့် အမြင့်ဆုံးအဆင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပြီး နောက် ၃ ရက်ဆက် မိုးသည်ထန်ခြင်းများလည်း ဆက်ရှိနေမည်ဖြစ်ခြင်းကြောင့် ရေကြီးဒဏ်သင့်ရွာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခဲစွာ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။
ဝီဖာ တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်တောင်ပိုင်းဒေသတွင် အဓိကအားဖြင့် မြေပြိုမှုများ၊ လမ်းပျက်ဆီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားကာ ထိုင်ဝမ်နှင့်ဟောင်ကောင်တွင်လည်း မီးရထားနှင့်လေကြောင်းလိုင်းများ ယာယီပိတ်ထားရသည်။
ကိုကလင်း
Ref: aa
#MeKongNews
#တရုတ်နိုင်ငံ
#ရေကြီး
#ဝီဖာမုန်တိုင်း
#ရှန်ဒေါင်းပြည်နယ်








