မဲခေါင်၊ ဧပြီ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်မြို့မရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်၂ဦးသည် မိုင်းကိုင်မြို့ကို ဖြတ်သန်းသွားနေသည့် ကုန်တင်ကားများထံမှ ငွေတောင်းကြမ်းနေကြောင်း ကားသမားများထံက သိရသည်။
မိုင်းကိုင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝဏ္ဏကျော်နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ရဲလင်းမောင်တို့ ၂ဦးသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလပိုင်းမှစတင်ကာ မိုင်းကိုင်ရဲစခန်းအရှေ့တွင် တရားမဝင်မောင်းတံဂိတ်ဖွင့်လှစ်ပြီး ကုန်တင်ကားကြီး ကားငယ်များထံမှ တစ်စီးလျှင် ဂိတ်ဖြတ်သန်းခ ၆သောင်းမှ၁ သိန်းထိ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။
“အရင်က ရဲစခန်းရှေ့ မရှိဘူးဗျ။ မြို့ဝင် မြို့ထွက် ပဲရှိတာ၊ ဒီနှစ်အစပိုင်းကပဲ၊ မိုင်းရယ်ဘက်ကို တက်တဲ့ကုန်တွေ အသွားအပြန် အားလုံးပဲ။ အသွားကုန် အပြန်ကုန်ပေါ့။ ၆သောင်းအနဲဆုံးပဲ”ဟု မိုင်းကိုင်ကို ဖြတ်သန်းသွားလာနေသည့် ကုန်ကားမောင်းသမားတစ်ဦး ကပြောသည်။
ထို့အပြင် ၎င်းတို့ ၂ဦးကိုယ်တိုင်က လိုင်စင်မဲ့ကားများ စီးနင်းနေသော်လည်း လိုင်စင်မဲ့ကားများထံမှ ငွေကြေးတောင်းခံခြင်း၊ကုန်သည်များထံမှ Kpay အကောင့်ဖြင့်ငွေလွှဲခိုင်းခြင်း စသည်ဖြင့် ကိုယ်ကျိုးစီးပွားရှာနေခြင်း၊ အဂတိလိုက်စားခြင်း
များပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မိုင်းကိုင်
#ငွေတောင်းခံ
#ကုန်တင်ကား
#လိုင်စင်မဲ့ကား








