“ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသအချို့အပါအဝင် ရှမ်းအရှေ့ရှိ ကျေးရွာအများအပြား ကြွက်ဘေးကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေ
မဲခေါင်၊ မတ် ၆
ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့် UWSA ထိန်းချုပ်ရာ “ဝ” ဒေသ မိုင်းလင်းခရိုင်၊ နောင်ဖိုင်အုပ်စုအတွင်းရှိ ကျေးရွာများတွင် ကြွက်များဖျက်ဆီးသည့်အတွက် ဆန်၊ စပါးများ ပျက်စီးဆုံးရှုံးကာ စားနပ်ရိက္ခာ အခက်အခဲကြုံနေကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်၊ မိုင်းမန်းအုပ်စုက ရွာပေါင်း၁၀ရွာခန့်တွင်လည်း ကြွက်ဒဏ်ခံရ၍ ဆန်တစ်ပုံး ၅သောင်းကျပ်အထိ ရှိနေကြောင်းသိရသည်။
“ကြွက်က စပါးခင်းတွေသာမကဘူး၊ ပြောင်းခင်း၊ ပိန်းဥ၊ သခွား၊ မုန်ညင်းကအစ အကုန်စားတာ” ရောင်းစရာမရှိကြတော့ ဆန်ဝယ်စရာ ပိုက်ဆံလည်းမရှိကြဘူး’ဟု ဒေသခံ တစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ တောင်ပေါ်ရွာ ၇၀ ရာခိုင်နှုန်းတွင် ကြွက်ကျသည့်ဒဏ်ခံနေရပြီး ပင်းတောက်၊ ကတ်ထိုက်၊ မိုင်းခွန်၊ မိုင်းပတ်၊ မိုင်းပန်၊ ပန်ကြူ၊ မိုင်းအင်း၊ မိုင်းလပ်၊ လွိုင်မွေ၊ တာပင်း၊ ဝမ်တာပုံစနားကောင်းစသည့် ကျေးရွာအုပ်စုများတွင် အများဆုံးခံစားနေရပြီး တစ်အုပ်စုကို ပျှမ်းမျှ ရွာပေါင်း ၈ ရွာခန့်ရှိကြောင်း လွိုင်မွေအုပ်စုတွင် ရွာပေါင်း ၂၀ နီးပါးရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဝါးပင်သီးတဲ့နှစ်ဆို ကြွက်ဖျက်တတ်တယ်။ ကြွက်ကကြောင်လောက်ကိုရှိတာ၊ ဆေးချလည်းမနိုင်ဘူး။ ခွေးကိုတောင်ကြွက်က မကြောက်ဘူး” ဟု ၎င်းကပြောသည်။
ယင်းတောင်ပေါ်ဒေသများ၌ အာခါ၊ လားဟူ၊ “ဝ” ၊ လွိုင်လ၊ အဲန်၊ ကော်၊ ပလောင်၊ စသည့် တိုင်းရင်းသားများ နေထိုင်ကြပြီး ကြွက်ဒဏ်ကြောင့် လူဦးရေထောင်နဲ့ချီ အငတ်ဘေးနဲ့ ကြုံနေရခြင်းဖြစ်သည်။
ရှမ်းပြည်အတွင်းက UWSA ထိန်းချုပ်ဒေသဖြစ်သည့် မိုင်းလင်းခရိုင်၊ နောင်ဖိုင်အုပ်စုရှိ ကျေးရွာများတွင်လည်း ကြွက်ဘေးရန်ကြောင့် ဆန်၊ စပါးများ ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ ၇၀ကျော် စားနပ်ရိက္ခာအတွက် အကူအညီ လိုအပ်နေကြောင်း ဒေသအခြေစိုက် Wa News Land က ဖော်ပြသည်။
ကြွက်ဘေးရန်သည် မိုင်းလင်း ခရိုင်၊ နောင်ဖိုင်အုပ်စု၊ ယောင်းအော့နှင့်ပန်းနော့ကျေးရွာများတွင် အဓိကဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း အလားတူ ကပ်ဘေးကြုံခဲ့ရသည်ဟု သိရသည်။
ကြွက်ဘေးအခြေအနေကို “ဝ” ပြည်နယ်အစိုးရ၊ မိုင်းလင်း ခရိုင်အထွေထွေ အတွင်းရေးမှူး (၂) တာ့ညီအောနှင့် တာဝန်ရှိပုဂ္ဂိုလ်များက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး လိုအပ်သည့်အကူအညီအပြင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြကြောင်း၊ ဆန်၊ စပါးနှင့် စိုက် ပျိုးရေး မျိုးစေ့တွေကို လာရောက်ပေးခဲ့ကြောင်း WSTV မတ်လသတင်းစဥ်ဖော်ပြချက်အရ သိရှိရသည်။
ယမန်နှစ်က ဝါးပင်များအသီးသီးပြီး ကြွက်များကထိုအသီးများကို စားသဖြင့်အကောင်များကြီးလာကာ သားပေါက်များလာသည့်အတွက် ကြွက်အကောင်ရေ အဆမတန် တိုးပွားများပြားလာပြီး လယ်ယာစိုက်ခင်းနှင့်ကောက်ပဲသီးနှံများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
Photo Credit – Nang Mar Lar Wan
မဟာ
#MeKongNews








