စက်သုံးဆီတင်ပို့မှုပါ ထိုင်း ရပ်ထားလို့ ရှမ်းအရှေ့ စက်သုံးဆီဈေးတက်ပြီး အလုအယက်တိုးဝယ်နေကြ
မဲခေါင်၊ ဖေဖော်ဝါရီ ၅
ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းနိုင်ရန်အတွက် ရည်ရွယ်သည့် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် စက်သုံးဆီ ရောင်းချမှု ရပ်တန့်လိုက်သည့်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များ၌ စက်သုံးဆီဈေးတက်လာပြီး အလုအယက်တိုးဝယ်နေကြကြောင်း ဒေသခံများထံမှာ သိရသည်။
ထိုင်းအာဏာပိုင်များက ယနေ့ နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်မြို့သို့ ရောင်းချပေးနေသည့် လျှပ်စစ်မီးကို ဖြတ်တောက်လိုက်သလို စက်သုံးဆီတင်ကားများလည်း ထွက်ခွင့်မပြုသည့်အတွက် ရှမ်းပြည်အရှေ့ပိုင်းတစ်ခုလုံး စက်သုံးဆီဈေးများ မြင့်တက်ကာ အလုအယက်တိုးဝယ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့အတွင်း ကား၊ ဆိုင်ကယ်များ ဆီပန့်များတွင် အလုအယက်ဆီထည့်နေကြပြီး ပုံးဖြင့်ဝယ်ယူမှုကို ပိတ်ပင်လိုက်ကြောင်း၊ တရားဝင်ဆီပန့်ဆိုင်များတွင် စက်သုံးဆီဈေးမတက်သော်လည်း ရပ်ကွက်အတွင်း တဆင့်ပြန်လည်ရောင်းချသည့် ဆိုင်များတွင်မူ တစ်လီတာဗူးတစ်ဗူးကို ဘတ် ၆၀မှ ဘတ် ၁၀၀ အထိ ဈေးဖြင့် ရောင်းချနေကြောင်း တာချီလိတ်၊ မကာဟိုခမ်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့က မီးစက်အတွက်ဝယ်တာ ပုံးနဲ့ရောင်းမပေးဘူးပြောတယ်။ အဲဒါ ဘယ်လို လုပ်ကြမလဲ။ မီးမရတော့ရင် မီးစက်သုံးရမှာလေ” ဟု ယင်းအမျိုးသမီးကပြောသည်။
ယနေ့နံနက်ပိုင်း တာချီလိတ်သို့ဝင်ရောက်မည့် စက်သုံးဆီတင်ကားများကို ထွက်ခွာခွင့်မပေးဘဲ အကောက်ခွန်ရုံးအတွင်း၌သာ ရပ်ခိုင်းထားကြောင်း၊ ရေရှည်တွင် ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီရောင်းချမှုပိတ်ပင်ပါက ယခင်ကကဲ့သို့ လာအိုဘက်မှ စက်သုံးဆီကို မဲခေါင်မြစ်မှတဆင့် သယ်ယူမည်ဖြစ်သည့်အတွက် ဒေသတွင်း ထိခိုက်ရန်မရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
တာချီလိတ်မှတဆင့်ဝင်ရောက်သည့် ထိုင်းစက်သုံးဆီများကို တာချီလိတ်ဒေသအတွင်းသာမက ရှမ်ပြည်အရှေ့ပိုင်း မြို့နယ်များသို့ပါ တင်ပို့သည့်အတွက် ယနေနံနက် ထိုင်းဘက်မှ ပိတ်ပင်မှုမှာ ရှမ်းပြည်အရှေ့ပိုင်းရှိ အခြားမြို့များတွင်ပါ သက်ရောက်မှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
စက်သုံးဆီတင်သွင်းမှု ထိုင်းဘက်မှ ပိတ်လိုက်သည့် ယနေ့နံနက်တွင် ကျိုင်းတုံမြို့၌ စက်သုံးဆီဈေးများတက်သွားပြီး လမ်းဘေးအရောင်းဆိုင်များ၌ ယခင်က တစ်လီတာ ကျပ် ၅၀၀၀ဖြင့် ရောင်းချနေရာမှ ယနေ့နံနက်တွင် ကျပ် ၇၀၀၀ အထိတက်သွားကြောင်း ကိုယ်တွေ့ကြုံသူတစ်ဦးက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းမှ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင်လည်း စက်သုံးဆီအလုအယက်ဝယ်ယူနေကြပြီး ဈေးမတက်သော်လည်း ပုံးဖြင့်ရောင်းချမှုကို ပိတ်လိုက်ကြောင်း၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်နေ ပြင်ပစက်သုံးဆီရောင်းသူ စိုင်းကျော်သူကို ရဲကားဖြင့် လာရောက်ခေါ်ယူသွားကြောင်း ဒေသခံများကပြောသည်။
“မိုင်းတုံမှာ ပြင်ပဆိုင်တွေကိုဖမ်းနေပြီ။ တရားဝင်ဆီပန့်တွေမှာတော့ ဈေးမတက်သေးဘူး။ တစ်လီတာ ၄၀၀၀ ပဲ။ ဆိုင်ကယ်ဆို ၂လီတာ၊ ကားဆို ၁၀ လီတာပဲရောင်းပေးတယ်။ ဝမ်နားဆီပန့်ပိုင်ရှင်ကတော့ ရှိသမျှရောင်းပေးမယ်၊ တာချီလိတ်က ထပ်မဝင်ရင်တော့ အရောင်းရပ်မယ်လို့ပြောတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် အသုံးပြုသည့် စက်သုံးဆီမှာ တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံမှတိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး ယခင်ကိုဗစ်ကာလ နယ်စပ်ဂိတ်များပိတ်စဉ်ကလည်း စက်သုံးဆီတင်သွင်းမှု ရပ်တန့်ရသည့် ဖြစ်စဉ်များရှိခဲ့သည်။ ထိုစဉ်က ဒေသအာဏာပိုင်များနှင့် လုပ်ငန်းရှင်များက လာအိုနိုင်ငံမှ စက်သုံးဆီကို မဲခေါင်မြစ်ကြောင်းမှတဆင့် တင်သွင်းခဲ့သလို ပြည်မမှ ပြန်လည်တင်သွင်းမှုများလည်း ပြုလုပ်ခဲ့ရသည်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးအတွက် ရည်ရွည်ပြီး ထိုင်းအာဏာပိုင်များမှ ထိုင်း-မြန်မာ နယ်စပ် ၅နေရာတွင် လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုကို ရုတ်တရတ်ပိတ်ချလိုက်ခြင်းဖြစ်ပြီး ယင်းထဲတွင် တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်တို့ ပါဝင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ထိုသို့ ပိတ်ဆို့မှုသည် မည်ရွှေ့မည်မျှကြာမည်ကို မသိရသေးပေ။
မဲခေါင်သတင်းအဖွဲ့
#MeKongNews









