ထိုင်း မီးဖြတ်တာကြောင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးပြတ်တောက်၊ လာအိုမီးဖြင့် ၉၀ ရာခိုင်နှုန်း ချက်ချင်းအစားထိုးနိုင်ဟု မီးလင်းရေးဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၅
ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံဘက်က မြန်မာဘက်သို့ ရောင်းချနေသည့် လျှပ်စစ်မီးကို ဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့ပေါ်ရပ်ကွက်အများစု ယနေ ဖေဖော်ဝါရီ ၅ရက် နံနက်ပိုင်းက စတင်ကာ လျှပ်စစ်မီးပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးကို လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်မှ ဝယ်ယူကာ မီးလင်းရေးကော်မတီများမှတဆင့် ဖြန့်ဖြူးသုံးစွဲနေခြင်းဖြစ်ပြီး ယနေ့နံနက် လျှပ်စစ်မီးပြတ်တောက်သွားသည့် နေရာများမှာ ထိုင်းမီးကို သုံးစွဲသည့် မြို့ပေါ်ရပ်ကွက်များဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“ထိုင်းမီးအားကိုးတဲ့ဘက်က ပျက်တာပေါ့။ ထိုင်းမီးက ပုန်းထွန်ထိပ်ကနေ တံတား ၂ အထိပဲလေ။ ဟိုဘက်က လာအိုမီးသုံးတာဆိုတော့မပျက်ဘူး” ဟု ၎င်းကပြောသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း (က)၊ ဆန်ဆိုင်း (ခ)၊ မယ်ခေါင် ရပ်ကွက်များတွင် ယခင်ကတည်းက ထိုင်းလျှပ်စစ်မီးကို ၂၀၀၅ ခုနှစ်ကတည်းက သုံးစွဲနေခြင်းဖြစ်ပြီး ရပ်ကွက်အသစ်များဖြစ်သည့် ရန်အောင်မြေ၊ ပါဆတ်၊ ဟောင်လိတ်၊ ဆေခန်းစသည့် ရပ်ကွက်များနှင့် ကျေးရွာများတွင် လာအိုဘက်မှ ဝယ်ယူသည့်လျှပ်စစ်မီးကို သုံးစွဲကြသည်။
တာချီလိတ်ဘက်သို့ ရောင်းချနေသည့်လျှပ်စစ်မီးကို ထိုင်းစံတော်ချိန် နံနက် ၉နာရီက စတင်ကာ ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီအနေဖြင့် လာအိုမီးဖြင့်အစားထိုးရေးကို ချက်ချင်းလုပ်ဆောင်နေကြောင်း၊ လာအိုဘက်မှဝယ်ယူသည့်မီးဖြင့် လက်ရှိမီးပြတ်တောက်နေသည့် နေရာ ၉၀ ရာခိုင်နှုန်းကို နေ့တွင်းချင်း အစားထိုးပေးနိုင်မည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီ – ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“(ထိုင်းနိုင်ငံဘက်က) ဖရီဒါ – ၁၊ ဖရီဒါ – ၂ နှစ်ခုလုံးကို ဖြတ်လိုက်ပြီ။ လာအိုမီးက လောလောဆယ် မဂ္ဂဝပ် ၃၀ ဖြည့်နိုင်မယ်။ ပူပြင်းရာသီမှာ ဝမ်းပွိုင့်လောက်တော့ ဖြည့်နိုင်သေးတယ်။ ထိုင်းမီးက ညှိနှိုင်းစိစစ်ပြီး ပြန်ပေးမယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ အပြီးဖြတ်လိုက်တယ်ဆိုရင်တော့ လာအိုမီးကို ထပ်တိုးယူဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ထိုင်းနိုင်ငံဘက်မှ ရောင်းချသည့် လျှပ်စစ်မီးနှင့် လောင်စာဆီများကို ဖြတ်တောက်ရန် ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ ၄ရက်၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး တာချီလိတ်နှင့် မြဝတီ နယ်စပ်နေရာများပါဝင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
လျှပ်စစ်မီးနှင့်နည်းတူ စက်သုံးဆီတင်သွင်းခွင့်ကိုလည်း ခေတ္တရပ်ထားပြီး ယခင်တင်သွင်းခွင့်ပြုထားသည့် အရေအတွက်ကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်ကာ နောက်ထပ်အသစ်တင်သွင်းခွင့် မပြုတော့ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ခြင်းမှာ တာချီလိတ်ဒေသရှိ ကျားဖြန့်နှိမ်နင်းရန်အတွက် ထိရောက်မှုနည်းပါးသည့်ကိစ္စဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများအနေဖြင့် လာအိုနိုင်ငံဘက်မှ အရင်းအမြစ်များကို မှီခိုကာ လိမ်လည်မှုများဆက်လက်လုပ်ဆောင်နိုင်ကြောင်း၊ ယခုဖြတ်တောက်မှုကြောင့် ပြည်သူများသာ ထိခိုက်မှုများမည်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။
ဇော်မြင့်
#MeKongNews








