TNLA က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၉၂၀ ကျော် ဖမ်းဆီးအရေးယူ
မဲခေါင်၊ ဇန်နဝါရီ ၂၉
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲက ၂၀၂၄ခုနှစ်၊ တစ်နှစ် အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၉၂၀ ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၈ မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း TNLA အုပ်ချုပ်တဲ့ နမ့်ဆန်၊ ရွှေလီ၊ မာန်အောင်၊ သံလွင်နဲ့ လားရှိုး အစရှိတဲ့ ခရိုင် ငါးခုရှိ တရား ဥပဒေစိုးမိုးရေးတပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာအတွင်း ပြစ်မှုပေါင်း ၁၂၄၂ မှုကို ဖမ်းဆီးအရေးယူခဲ့ရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၉၂၃ ဦးကို အများဆုံးဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့ပြစ်မှုတွေထဲမှာ နမ့်ဆန်ခရိုင်က ၈၃၁ မှုနဲ့အများဆုံးဖြစ်ပြီး ရွှေလီခရိုင်မှာ ၂၂၆ မှု၊ မာန်အောင်ခရိုင်မှာ ၁၁၈ မှု၊ သံလွင်ခရိုင်မှာ ၅၃ မှုနဲ့ လားရှိုးခရိုင်မှာ ၁၄ မှုတို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအမှုတွေထဲကမှ တရားစီရင်ရေးဌာနက ၃၃ မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့ပြီး အမှုပေါင်း ၈၁၈ မှုကို တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့က ဆုံးဖြတ်အပြစ်ပေးအရေးယူနိုင်ခဲ့ကာ ရုံးအတွင်းသိမ်းထားတဲ့အမှုပေါင်း ၂၅၆ မှု ကျန်ရှိနေ သေးတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ပြောပါတယ်။
အမှုဖြစ်စဉ်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့ အများဆုံး ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပြီး ကျန်အမှုတွေကတော့ လူသတ်မှု၊ အဓမ္မပြု ကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းအထန်နာကျင်စေမှုနဲ့ အခြားသောအမှုတွေဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ရေးဌာနက ၅၁ မှု ဆုံးဖြတ်ပေးခဲ့ပြီး အမှုပေါင်း ၁၁၂၀ မှုကိုတော့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့မှ ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
CJ-017
#MeKongNews








