မိုင်းဆတ်အခြေစိုက် ထပခ ၈၂၃ ရုံးအုပ် ဖြစ်သူက သူ့ဆိုင်မှာဈေးမဝယ်တဲ့ တပ်သားသစ်တွေကို နှိပ်စက်နေသလို တပ်ပြေးလစာတွေကိုလည်း ထုတ်စားနေ
မဲခေါင်၊ ဇန်နဝါရီ ၂၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ထောက်ပံ့ရေးတပ်ခွဲ(ထပခ ၈၂၃ )ရဲ့ ရုံးအုပ် /စာရေး ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က သူဖွင့်ထားတဲ့ဈေးဆိုင်မှာ ဈေးမဝယ်တဲ့ တပ်သားသစ်တွေကို ရိုက်နှက်ဖိနှိပ်မှုတွေ ပြုလုပ်နေသလို တပ်ပြေးလစာတွေကိုလည်း ထုတ်စားနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒုအရာခံဗိုလ် မျိုးဇော်ဆက်က သူဖွင့်ထားတဲ့ဈေးဆိုင်ကနေ လကုန်ပေးနဲ့ ရောင်းချတာဖြစ်ပြီး တပ်သားသစ်တွေဈေးဝယ်တဲ့အခါ စာရင်းပိုမှတ်ပြီး လစာထဲကစိတ်ကြိုက်ဖြတ်တောက်ပါတယ်၊ ဒါကြောင့် သူ့ဆိုင်မှာဈေးမဝယ်ပဲ တခြားဆိုင်မှာဝယ်ယူသူတွေကို ရိုက်နှက်ဖိနှိပ်နေတာလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။
တခြားဆိုင်မှာမဝယ်ဖို့နဲ့ သူ့ဆိုင်မှာပဲဈေးဝယ်ဖို့ တပ်သားသစ်တွေကို ခြိမ်းခြောက်ဖိအားပေးကာ အတင်းအကြပ်ဝယ်ခိုင်းတာမျိုးတွေကြောင့် အများစုကကြောက်ပြီးဝယ်နေရတယ်လို့ ပြောပါတယ်။
သူ့ဆိုင်မှာ မဝယ်တာကြောင့် ရိုက်နှက်ခံရပြီး ဒုက္ခိတဖြစ်နေတဲ့ တပ်သားသစ်တွေလည်းရှိတယ်လို့ ပြောပါတယ်။
သူ ရိုက်ပုတ်နှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်လို့ တပ်ကနေထွက်ပြေးတဲ့သူတွေကိုလည်း တပ်ပြေးစာရင်းမတင်ပဲ တပ်ပြေးလစာကိုလည်းထုတ်စားနေပြီး ပြန်လည်ဖမ်းမိသူကိုလည်း ပြင်းပြင်းထန်ထန်ရိုက်နှက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။
“သူ့ရဲ့ အထက်အောက် ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်က တပ်သားသစ်တွေကို တပ်မှာမနေချင်အောင်လုပ်နေတာ၊ သူကနာမည်ဆိုးနဲ့ကျော်ကြားနေတာ၊ သူ့ကို ဘယ်သူမှအရေးမယူကြဘူး” လို့ တပ်တွင်းသတင်းအရင်းအမြစ်ကပြောပါတယ်။
တပ်တွင်းမိသားစုတွေက သတင်းပေးပို့တာကြောင့် မျိုးဇော်ဆတ်နဲ့ တပ်မှူးကျော်သူထွန်း တို့ရဲ့တပ်တွင်း ဖိနှိပ်နေမှုတွေ ၊ အာဏာအလွဲသုံးမှုတွေကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၂၁ ရက်နဲ့ ဒီဇင်ဘာ ၉ ရက်မှာ မဲခေါင်ကသတင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့တပ်ဖွဲ့စည်းပုံမှာ ရုံပိုင်းဆိုင်ရာကို တကက/စာရေးတွေနဲ့ဖွဲ့စည်းထားပြီး သူတို့ရဲ့ အထက်က ဒုအရာခံဗိုလ်(ရုံးအုပ်/စာရေး) တစ်ဦးက တပ်တစ်တပ်လုံးရဲ့ ဦး/ရေး/ထောက်ကိစ္စရပ်တွေကို တပ်မှူး၊ တပ်ရေး/တပ်ထောက်တွေနဲ့ ပူးတွဲလုပ်ဆောင်ရတာဖြစ်ပါတယ်။
မိုင်းဆတ်မှာ စကခ(၁၄) ရှိပြီး ယင်းလက်အောက်ခံ တပ် ၁၁ တပ်အတွက် စစ်ဝတ်ကအစ နောက်တန်း၊ ရှေ့တန်းရိက္ခာတွေကို အခု ရုံးအုပ်ရှိတဲ့ ထပရ(၈၂၃) က တာဝန်ယူ သယ်ဆောင်၊ စုပုံ၊ ဖြန့်ခွဲ ပေးနေရတယ်လို့ သိရပါတယ်။
MK-012
#MeKongNews








