အမှုအခင်းပေါတဲ့ တာချီလိတ်မှာ အမျိုးသားတစ်ဦး ဓါးခုတ်ခံရပြီးသေဆုံး
မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်အရှေ့ပိုင်းက အမှုအခင်းပေါတဲ့ တာချီလိတ်မြို့ရဲ့ ပုန်းထွန်ရပ်ကွက်မှာ လူရွယ်တစ်ဦး ဓားခုတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ လူထုထံက သိရပါတယ်။
မနေ့က(ဇန်နဝါရီ ၉) မနက်ပိုင်း တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ လမ်းမဘေး နေအိမ်မှာ နေထိုင်တဲ့ အာကာ(ခ)မောင်ပိန် ၂၅နှစ်ဟာ အခန်းတံခါးပိတ်ထားပြီး ညည်းတွားနေသံကို ကြားရလို့ ရပ်ကွက်လူထုက ဝင်ရောက်ကြည့်ရှုရာမှာ သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ရလို့ ဦးလှမိုး လူမှုကူညီ ရေးအသင်းကို အကြောင်းကြားကာ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ အာကာဟာ ရရှိတဲ့ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ သူ့ကို အာကြီးလို့ ဘော်ဒါတွေက ခေါ်ကြတာ ၊ မိဘကို ရှာဖွေကျွေးနေတာကို ဘယ်သူတွေက ဘာအငြှိုးနဲ့လုပ်သွားတာလဲ မသိဘူးဗျာ” လို့ သေသူရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ကျပန်းအလုပ်သမားဖြစ်ပြီး ဝဲဘက်နားထင်၊ ဦးခေါင်းနောက်စေ့နဲ့ ဝဲဘက်လက်ပြင်တို့မှာရရှိတဲ့ ပြတ်ရှဒဏ်ရာတစ်ချက်စီနဲ့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။
တာချီလိတ်မြို့ဟာ နယ်စပ်မြို့ဖြစ်သလို အဖွဲ့အစည်းပေါင်းစုံရှိပြီး မူးယစ်ဆေးဝါးမျိုးစုံ ရှိနေသလို ခိုး၊ ဆိုး၊ လု၊ နှိုက်တွေအပြင် ဓားနဲ့ခုတ်ကာ ဆိုင်ကယ်လုယက်တာတွေ၊ အများပြည်သူရှေ့ အုပ်စုလိုက် ပြန်ပေးဆွဲတာတွေ၊ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ မြို့ဖြစ်နေလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း စုံစမ်းသိရပါတယ်။
MK-012
#MeKongNews








