အောင်ပန်းမှာ တောင်းတဲ့ငွေ မပေးနိုင်တဲ့ ယာဉ်မောင်းတွေကို စစ်ကောင်စီ ဖမ်းဆီး
မဲခေါင်၊ ဇန်နဝါရီ ၉
ကုန်တင်ကားကြီးတွေဆီက တောင်းတဲ့ငွေ မရလို့ စစ်ကောင်စီက သေနတ်ပစ်ဖောက်ပြီး ယာဉ်မောင်းတွေကို ဖမ်းဆီးတဲ့ဖြစ်စဉ် ဒီနေ့မနက် ၃ နာရီက ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဖြစ်ပွါးခဲ့ပါတယ်။
အောင်ပန်းမြို့ ကုန်တင်ကားကြီးကွင်းကနေ ပြည်ထောင်စုလမ်းမအတိုင်း ထွက်ခွာမယ့် ကုန်တင်ကားတွေထဲက ကုန်တင်ကားတချို့က စစ်ကောင်စီတပ်က တောင်းတဲ့ ငွေပမာဏ မပေးနိုင်တာကြောင့် စကားများရာကနေ သေနတ်ပစ်ဖောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ကုန်စည်တွေအချိန်မီရောက်ရှိရေးအတွက် ကုန်တင်ကားတွေဟာ ညမထွက်ရ ကန့်သတ်ချိန်အတွင်း မောင်းနှင်ခွင့်ရဖို့ ကုန်တင်ကားကြီး တစ်စီးကို ကျပ်တစ်သိန်းနီးပါး စစ်ကောင်စီကို ပုံမှန်ပေးဆောင်နေရာက ဒီနေ့မနက်မှာ ၁၂ဘီးကို ကျပ်နှစ်သိန်း၊ တွဲကား ကျပ်သုံးသိန်းအထိ တိုးမြှင့်တောင်းယူရာမှာ မပေးနိုင်တာကြောင့် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
“ ကားသမားတွေနဲ့ စကားများကြတာ၊ သေနတ် တစ်ချက်အရင်ဖောက်တယ်၊ ပြီးတော့ သူတို့ကို ပြန်ပြောတဲ့ ကားသမားတစ်ယောက်ကို ဖမ်းသွားတယ်၊ ဖမ်းပြီးတော့မှ သုံးချက်ဆက်တိုက်ဖောက်တာ”လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဲဒီအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ် တင်သူကိုလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြန်ဖျက်ခိုင်းထားပြီး ထပ်တင်ပါက ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း သတိပေးထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အောင်ပန်းမြို့ဟာ ရှမ်းပြည်တောင်ပိုင်းရဲ့ ကုန်စိမ်းမြို့တော်ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းဒေသထွက် ကုန်စိမ်းတွေကို အောင်ပန်းမြို့ရှိ ပွဲရုံတွေထံ လာရောက်ရောင်းချရသလို အဲဒီပွဲရုံတွေကတဆင့် နိုင်ငံတဝန်းလုံးကို ထပ်မံတင်ပို့ရောင်းချရတာလည်း ဖြစ်ပါတယ်။
CJ-003
#MeKongNews









