လိုင်စင်မဲ့ယာဉ်ပေါများတဲ့ ကိုးကန့်အုပ်ချုပ်ရေးဒေသအတွင်းကို ယာယီကတ်မပါရင် စက်တပ်ယာဉ် ဖြတ်သန်းမောင်းနှင်ခွင့်မပြု
မဲခေါင်၊ ဇန်နဝါရီ ၇
လိုင်စင်မဲ့ယာဉ် ပေါများပြီး ယာဉ်တိုက်မှုဖြစ်ရင် လက်သည်မပေါ်တဲ့ ကိုးကန့်အုပ်ချုပ်ရေးဒေသ အထူးဒေသ (၁) နယ်မြေအတွင်းကို ယာယီကတ်မပါရင် စက်တပ်ယာဉ် ဖြတ်သန်းမောင်းနှင်ခွင့် မပြုပဲ လာရာလမ်းအတိုင်းပြန်လှည့်ခိုင်းတာတွေ စတင်ကျင့်သုံးနေပြီလို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားတွေကို MNDAA ဘက်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီ ၁ ရက်က စတင်ပြီး ရပ်ကွက်အလိုက် လိုင်စင်ကား၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ကုန်တင်ကား စတဲ့ စက်တပ်ယာဉ်မှန် သမျှကို မြို့တွင်းစက်တပ်ယာဉ် မောင်းနှင်ခွင့် ယာယီကတ်ဖြင့် ပြုလုပ်ပေးနေတာဖြစ်ပြီး ကတ်မလုပ်ရသေးသူတွေကိုတော့ ကိုးကန့်ဒေသတွင်း ယာဉ်ဖြတ်သန်းမောင်းနှင်ခွင့် မပြုဘူးလို့ သိရပါတယ်။
လက်ရှိ MNDAA ထိန်းချုပ်ထားရာဒေသဖြစ်တဲ့ လားရှိုးမြို့ကနေ သိန္နီနဲ့ ကွမ်းလုံသို့သွားရောက်တဲ့ ယာဉ်တွေ မြို့အဝင်မှာ ယာယီယာဉ်မောင်းခွင့်ကတ်ပြား ရှိ-မရှိ စစ်ဆေးပြီး မပြုလုပ်ရသေးသူတွေကို ကိုးကန့်တပ်က မြို့တွင်း ဝင်ခွင့်မပြုဘဲ လာလမ်းအတိုင်း လှည့်ပြန်ခိုင်းတာတွေရှိတယ်လို့ လားရှိုးမြို့ဒေသခံယာဉ်မောင်းတွေက ပြောပါတယ်။
“သူတို့နယ်မြေထဲဝင်လာရင်တော့ ထုတ်ထားပေးတဲ့ ကတ်ပြားတော့ ပါရမယ်ပေါ့နော်၊ အဲဒီကတ်မပါဘူးဆို ဟိုဘက်မှာမောင်းနှင်ခွင့် မပေးဘူး၊ မြို့ထဲဝင်ချင်ရင် သူတို့သက်မှတ်ထားတဲ့ လားရှိုးမြို့က ရုံးတွေမှာသွားလုပ်ရတယ်၊ သူတို့အမြဲတမ်းလုပ်ပေး ပါတယ်၊ အခုလောလောဆယ်လည်း ကတ်လုပ်နေတဲ့ယာဉ်တွေ အများကြီးပါပဲ၊ အဓိက ယာဉ်ပိုင်ရှင်ကိုယ်တိုင် သူတို့သက်မှတ်ထားတဲ့ ရုံးတွေမှာလာလုပ်ရတာပေါ့နော်”လို့ ဒေသခံယာဉ်မောင်းတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
မြို့တွင်းစက်တပ်ယာဉ် မောင်းနှင်ခွင့် ယာယီကတ်ပြားသက်တမ်းကို ရက်ပေါင်း ၃၆၅ ရက်သက်မှတ်ပေးထားပြီး ကတ်ရရှိထားသူတွေအနေနဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားရာ အထူးဒေသ (၁) ရဲ့ မည်သည့်နေရာမဆို ယာဉ်မောင်းနှင် ဖြတ်သန်းခွင့်ရမှာ ဖြစ်တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“လားရှိုးမှာ လိုင်စင်မဲ့ကားတွေပိုများတယ်ပေါ့နော်၊ လားရှိုးမှာဖြစ်နေကြအမှုတွေက ဥပမာ-လူကိုတိုက်ပြီးထွက်ပြေးသွားတယ်၊ ကားထားပြီးထွက်ပြေးသွားတာတို့၊ တရားခံမပေါ်တာတို့များတယ်ဗျာ၊ ပြီးလို့ရှိရင် ကားပျောက်တာတွေရှိတယ်၊ ဒီကတ် ရှိလို့ရှိရင် ဒီဟာတွေအတွက်အထောက်အကူဖြစ်တယ်၊ ယဉ်ပိုင်ရှင်နဲ့ ယာဉ်အချက် အလက်တွေကို ဓာတ်ပုံရိုက်မှတ် တမ်းယူထားပြီး ကွန်ပျူတာစနစ်ထဲထည့်ထားမှာဖြစ်တယ်၊ ပြဿနာတစ်စုံတရာဖြစ်ရင် ပြန်ရှာလို့လွယ်တယ်ပေါ့နော်၊ ပြီး တော့ ဒီကတ်ပြားက အထူးဒေသ (၁) ရဲ့ MNDAA ထိန်းချုပ်ထားတဲ့ နေရာတွေမှာဖြတ်သန်းသွားလာခွင့်အတွက် အသုံးဝင်တယ်”လို့ သူကပြောပါတယ်။
လားရှိုးမြို့တွင် ရပ်ကွက်ပေါင်း ၁၂ ခုရှိပြီး အဲဒီထဲကမှ ရပ်ကွက် ၃၊ ၈၊ ၁၂ နဲ့ ဟိုပိတ်ကျေးရွာတို့မှာ ယာဉ်မောင်းနှင်ခွင့်ယာယီ ကတ်ပြားထုတ်ပေးတဲ့ ရုံးတွေဖွင့်လှစ်ပြုလုပ်ပေးနေတာပါ။ ကတ်ပြုလုပ်ရာမှာ ယာဉ်တစ်စီးကို ခဲခြစ်ခ ကျပ် ၁၀၀၀၀ နဲ့ စာရွက်စာတမ်းခကျပ် ၅၀၀၀ စုစုပေါင်း ကျပ် ၁၅၀၀၀ ကောက်ခံ ပြုလုပ်ပေးလျက်ရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဇန်နဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။
လက်ရှိလားရှိုးမြို့ အဝင်အထွက်ဂိတ်မှ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေကို MNDAA က ဘီးလိမ့်ခွန်အဖြစ် အိမ်စီးကား ယာဉ်တစ်စီးကို ကျပ် ၁၀၀၀၊ ခရီးသည်တင်ကားတစ်စီးက ကျပ် ၃၀၀၀ နဲ့ ကုန်တင်ကားတွေကိုတော့ သယ်ဆောင်လာ တဲ့ ကုန်ပမာဏပေါ်မူတည်ကာ ကျပ် ၅၀၀၀၀ မှ ၃၀၀၀၀ ကျပ်အထိကောက်ခံမှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
CJ-017
#MeKwngNews








