ကိုးကန့်ပြည်သူ့စစ်က အရပ်သားတစ်ဦးကို ထိုးကြိတ်ခဲ့ပြီး ပြန်တောင်းပန်
မဲခေါင်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်မြောက်ပိုင်း၊ ကွမ်းလုံမြို့မှာ ကိုးကန့်တပ်( MNDAA)ရဲ့ ပြည်သူ့စစ်အဖွဲ့က လုံခြုံရေးကင်းလှည့်ရင်း စစ်ဆေးမေးမြန်းစဉ် ပြည်သူတစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။
ဒီဇင်ဘာ ပထမပတ်အတွင်း၊ ကွမ်းလုံမြို့၊ တာပန်ချောက်ကျေးရွာမှာ ကင်းလှည့်နေစဉ် ပိုင်ရှင်ကိုအသိမပေးပဲ ဆိုင်ကယ်ယူစီးရာမှ ဆိုင်ကယ်ပိုင်ရှင်နဲ့စကားများကာ လက်သီးနဲ့ ထိုးကြိတ်ခဲ့တာလို့ သိရပါတယ်။
ထိုးကြိတ်ခံရသူဟာ အသက် ၂၅ နှစ်အရွယ်၊ ကိုးကန့်လူမျိုးဖြစ်ကာ ထိုးကြိတ်ခံရမှုကြောင့် မျက်နှာဒဏ်ရာနဲ့ ဦးခေါင်းနောက်စေ့ ခေါင်းပေါက်ခဲ့တယ်လို့ဆိုပါတယ်။
ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အနေနဲ့ နစ်နာသူ ကျေအေးတဲ့ထိ သွားရောက်တောင်းပန်ခဲ့တယ်လို့ ကွမ်းလုံ၊ ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးကပြောတယ်လို့ WNL ကဒီနေ့( ဒီဇင်ဘာ ၁၉)ကဖော်ပြလာပါတယ်။
“လက်ပါတဲ့ ကျွန်တော်တို့ရဲ့ တပ်သားကို ဆုံးမထားပါတယ် ၊ပြည်သူတစ်ဦးကို ခုလိုလက်ပါမိတာကကျွန်တော် ဘက်ကအမှားပါ၊ အဲ့အတွက်လည်း ကျေအေးတဲ့ထိ တောင်းပန်မှာ ဖြစ်သလို လိုအပ်တဲ့ဆေးဝါး ကုသမှုတွေ အတွက်လည်း တာဝန်ယူသွားမှာပါ” လို့ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
ကွမ်းလုံမြို့ပေါ်က ဂိတ်တွေမှာ ကိုးကန့်တပ် – MNDAA ဘက်က ခန့်ထားတဲ့ ဂိတ်စောင့် တပ်သားတွေအပြင် ပြည်သူ့စစ်တွေကအလှည့်ကျ ကင်းပတ်နေတယ်လို့ သိရပါတယ်။
ယင်းကိစ္စအပေါ် MNDAA ပြန်ကြားရေးကတော့ ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဟာ လားရှိုး၊ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ တာမိုးညဲ၊ ချင်းရွှေဟော် ကြူကုတ်၊ ဖောင်းစိုင် အစရှိတဲ့ ဒေသအသီးသီးကို သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြည်သူ့စစ်တွေ ဒေသအလိုက်ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လာနေတာလို့ သိရပါတယ်။
MK-012








